Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း အာဏာသိမ်း စစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်တို့ကို သေဒဏ်စီရင်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် လူပုဂ္ဂိုလ်အချို့ကို အများမျက်မှောက်တွင် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ် ကွက်မျက်ပါက ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှု မြောက်သည်ဟု IIMM က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM အနေဖြင့် စစ်ကောင်စီ၏ သေဒဏ်ချမှတ် ကွက်မျက်မည်ဆိုသည့် သတင်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

IIMM ယန္တရားက စုံစမ်းရရှိထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်၌ လျှို့ဝှက်စွာအမှုစစ်ဆေးပြီး သေဒဏ်ချမှတ်ထားသော လူပုဂ္ဂိုလ်များသည် ကွက်မျက်မှုကို ခံရနိုင်ကြောင်း သိရသည်။

IIMM က “တရားမျှတသော အမှုစစ်ဆေးစီရင်မှု ဖြစ်စေသည့် အခြေခံလိုအပ်ချက်များအား မကျင့်သုံးဘဲ သေဒဏ်ချမှတ်ခြင်း သို့မဟုတ် အချိန်တစ်ခုအထိ ချုပ်နှောင်ထားခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်သည်” ဟု သတိပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးသိုက်ထွန်းဦးက “အဲဒီသတင်းကတော့ အတော်ကြာပြီဗျ။ ထွက်လည်း ထွက်နေတယ်။ သေဒဏ်ပေးတယ်ဆိုတာ မနေ့မနက် အစောကထွက်လာတယ်ပေါ့နော်။ ကျနော်တို့ ရရှိထားတာကတော့ အဲဒီအချက်အလက်တွေက ခိုင်မာမှုမရှိသေးဘူးလို့ လက်ရှိအထိက ပြောလို့ရတယ်။ ဒါပေမဲ့ မပေးဘူးလို့ အာမခံလားဆိုတော့ ပြောရတာတော့ ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက အချိန်မရွေး ဘာမဆိုလုပ်နိုင်တဲ့ ကာလမှာတော့ သူတို့ကို မလုပ်ပါဘူးလို့ ပြောဖို့အတွက်ကတော့ စောလွန်းအားကြီးသေးတယ်။” ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း အာဏာသိမ်း စစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးပြီး သေဒဏ်စီရင်ခဲ့သည်။

တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေရန် အခြေခံအကျဆုံး လက္ခဏာတစ်ရပ်မှာ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည့် ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာရှိသည့် အခါမှလွဲ၍ အများပြည်သူရှေ့မှောက်တွင် အတတ်နိုင်ဆုံး စစ်ဆေးစီရင်ရန်ဖြစ်သည်ဟု ဆိုသည်။

အမှုများအား လျှို့ဝှက်စွာ စစ်ဆေးစီရင်သည့်အခါ ဘက်မလိုက်ဘဲ လွတ်လပ်သော ခုံရုံးဖြစ်ရမည်ဆိုသည့် အချက်ကဲ့သို့ တရားမျှတသော အမှုစစ်ဆေးစီရင်မှုဖြစ်စေသည့် အခြားသောအာမခံချက်များကို ကျင့်သုံးခြင်း ရှိ၊ မရှိ သံသယဖြစ်ဖွယ်ရှိသည်။

ထိုအခြေအနေမျိုးတွင် ထောင်ဒဏ်ချမှတ်ခြင်း၊ သေဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်ပါက လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု သို့မဟုတ် စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း IIMM က ပြောသည်။

တရားမျှတသော အမှုစစ်ဆေးစီရင်မှု၏ အခြေခံအာမခံချက်များကို ချိုးဖောက်ပြီး သေဒဏ်ချမှတ်ခံရသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အား တရားစွဲဆိုထားသော အမှုများကို ယန္တရားက စောင့်ကြည့်နေပြီး အချက်အလက်များ စုဆောင်းလျက်ရှိကြောင်းလည်း IIMM က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ