စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက ကုလားတန်မြစ်ထဲ ခုန်ချ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသား ရုပ်အလောင်းကို ယမန်နေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၇ နာရီခွဲအချိန်က ပြန်ရှာတွေ့ပြီဟု ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။
ပုဏ္ဏားကျွန်း အရပ်ဘက်အဖွဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက “မနေ့ည ၇ နာရီခွဲမှာ ကျောက်ဆိပ်ရွာနား ကုလားတန်မြစ်ကမ်းဘေးက တွေ့တာပါ။ ညတွင်းချင်းပဲ သင်္ဂြိုလ်လိုက်ရပါတယ်။” ဟု ပြောသည်။
မြစ်ထဲခုန်ချေ အဆုံးစီရင်သွားသည့် သေဆုံးသူအမျိုးသားမှာ ပုဏ္ဏားကျွန်းမြို့ပေါ် ရွာဟောင်းရပ်ကွက်က အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဖြစ်သည်။
၎င်းတို့မိသားစုဝင်များမှာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲကတည်းက ပုဏ္ဏားကျွန်း-ကျောက်တော် ဟိုက်ဝေးလမ်းမပေါ်၌ တဲထိုးနေထိုင် စစ်ရှောင်နေခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့က မိသားစုဝင်တစ်ဦး ဆဲဆိုကြိမ်းမောင်းမှုတစ်ခုကြောင့် ရေထဲခုန်ချ သေဆုံးသွားခြင်းဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။
ဘဝတူ စစ်ရှောင်အမျိုးသမီးတစ်ဦးက ” ကိုမောင်ကြီးက ကျမတို့ နေထိုင်တဲ့ ဒုက္ခသည်စခန်းအနီးက ရွာတစ်ရွာက အုန်းသီးတစ်လုံးတောင်းလာတယ်။ အဲဒါကို မိသားစုဝင်တစ်ဦးက ဘာဖြစ်လို့ တောင်းလာတာလဲ။ သူများဆီက ပေးမှ ကမ်းမှ စားရမှာလား။ သူတောင်းစား ဖြစ်သွားတာ မသိဘူးလား အဲသလို ပြော်ဆိုမှု လုပ်ခဲ့တယ်လို့ သိရတယ်။ ” ဟု ပြောသည်။
ကိုမောင်ကြီး ရေထဲခုန်ချ သေဆုံးခြင်းမှာ မိသားစုဝင်များ၏ ဆဲဆိုမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားသော စိတ်ပိုင်းဆိုင်ရာ ခံစားနေရသည့် ခံစားချက်မျိုး ရှိနိုင်ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။
” ဘာကြောင့် ဆိုတဲ့ အသေးစိတ်ကိုတော့ ကျနော်တို့ မသိနိုင်ပါ။ ဒါပေမယ့် သူ့မှာ စိတ်မွန်းကျပ်စရာတွေ ရှိပုံပေါ်ပါတယ်။ စိတ်ရှုတ်ထွေးစရာ၊ ပူစရာတွေရှိလို့ အဆုံးစီရင်သွားတာလို့ သုံးသပ်ပါတယ်။ ” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ရှောင်နေကြသည့်ရသည့် ဒုက္ခသည်အများစုမှာ စားဝတ်နေရေး ခက်ခဲခြင်း၊ ကျန်းမာရေးမကောင်းမွန်ခြင်း၊ ကလေးငယ်များ ပညာမသင်ကြားနိုင်ခြင်း၊ နေရပ်မပြန်နိုင်ခြင်း စသဖြင့် ဒုက္ခမျိုးစုံကို ခံစားနေကြရသည်။
ကုလားတန်မြစ်ထဲ ခုန်ချသေဆုံးသွားသည့် ကိုမောင်ကြီးမှာ လူပျိုဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ပူပန်သောက ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်း စုံစမ်းသိရသည်။
- (ခေါင်းစဉ်မရှိ)
- ချင်းညီနောင်ကို Standard Army အဖြစ် ဖွဲ့စည်းမည်ဟု ကြေညာ
- AA နှင့် ဆက်ဆံနေသည့် ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်က ပြန်ပယ်ချ
- ရခိုင်မှာ မိုင်းနင်းမိ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
- အပစ်ရပ်ကာလမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံး