Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အာရက္ခတပ်တော် မွေးနေ့ တည်ထောင်နေ့တွင် မိန့်ခွန်းပြောနေသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အားတွေ့ရစဉ်။ (ဓါတ်ပုံ - Western News)

(တော်လှန်ရေးအဖွဲ့အစည်းများက ဆွေးနွေးပွဲတက်ရန် အကြောင်းမပြန်သေးဟုဆို)

လာမည့် နိုဝင်ဘာ လလယ်တွင် ကျင်းပမည့် “ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ်” ဟူသော နယူးဒေလီဆွေးနွေးပွဲကို ရခိုင်တပ် AA, ကချင်တပ် KIA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို အိန္ဒိယအစိုးရက ဖိတ်ကြားထားကြောင်း သိရသည်။

နယူးဒေလီဆွေးနွေးပွဲကို ဖိတ်ကြားထားကြောင်း ဖိတ်ကြားခံရသည့် တော်လှန်ရေးအဖွဲ့တစ်ခု ခေါင်းဆောင်တစ်ဦးက အတည်ပြုထားကြောင်း ရိုက်တာသတင်းဌာနက ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။

အနောက်နိုင်ငံများက ရှောင်ဖယ်ထားသော အာဏာသိမ်း စစ်ကောင်စီ၏ ထိပ်တန်းဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် တောင်အာရှအာဏာ၏ သိသာထင်ရှားသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar က “အစိုးရမှ ရန်ပုံငွေထောက်ပံ့ထားသည့် အိန္ဒိယကောင်စီ ICWA မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါကိစ္စအား လျှို့ဝှက်ထားသည်” ဟု အမည်မဖော်လိုသည့် အခြားသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး Jaishankar က နယ်စပ်မတည်ငြိမ်မှုများနှင့် မြန်မာနိုင်ငံရှိ အိန္ဒိယ၏ စီမံကိန်းများအတွက် လုံခြုံရေးအန္တရာယ်များကို စိုးရိမ်ကြောင်း ဇွန်လတွင် ပြောကြားခဲ့သည်။

“ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံဖို့ အိန္ဒိယက ပွင့်လင်းပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

NUG အပါအဝင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ချင်း၊ ရခိုင်နှင့် ကချင် ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်များကို အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး၏ ဒုတိယဥက္ကဋ္ဌ ဦးရွှေခါးက “ကျွန်တော်တို့ ကိုယ်စားလှယ်တွေ လွှတ်လိုက်မယ်။ အိန္ဒိယက တရားဝင် ဆက်ဆံတာ ဒါပထမဆုံး အကြိမ်လို့ ကျနော်ထင်ပါတယ်။ ဒါက ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုပဲ” ဟု ဆိုသည်။

အိန္ဒိယအစိုးရ၏ နယူးဒေလီဆွေးနွေးပွဲကို တက်ရောက်ရန် ရှိ/မရှိကို တော်လှန်ရေးအဖွဲ့များဖြစ်သည့် AA, KIA နှင့် NUG တို့က တရားဝင်အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

Western News ကလည်း AA ပြောခွင့်ရ ဦးခိုင်သုခအား အဆိုပါ ဆွေးနွေးပွဲသို့ ဖိတ်ကြားထားခြင်းရှိ/မရှိနှင့် တက်ရောက်ရန် ရှိ/မရှိကို မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

အိန္ဒိယအစိုးရအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) အား ဖိတ်ကြားခြင်း ရှိ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် နယူးဒေလီဆွေးနွေးပွဲအား အိန္ဒိယအစိုးရ လျှို့ဝှက်ထားသည်။

အိန္ဒိယ၏ နိုဝင်ဘာ နယူးဒေလီ အစည်းအဝေးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးဘက်သို့ ချဉ်းကပ်ရန် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ကြောင်း အိန္ဒိယ-မြန်မာအရေးကို အနီးကပ်စောင့်ကြည့်သူ စင်ကာပူအခြေစိုက် သုတေသီ Angshuman Choudhury က ပြောသည်။

“တိကျတဲ့ နိုင်ငံခြားရေး မူဝါဒရလဒ်တွေရဖို့ ရည်ရွယ်တာပဲဖြစ်ဖြစ်၊ နောက်ဆုတ်ဖို့ မြန်မာစစ်တပ်ကို အချက်ပြတာမျိုး ဖြစ်ဖြစ် ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ အိန္ဒိယက သူ့ရဲ့ နယ်နိမိတ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးအပေါ် စိုးရိမ်ပူပန်နေဆဲပါ။” ဟု ဆိုသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ကုလားတန်ဆိပ်ကမ်းနှင့် အဝေးပြေးလမ်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ နှင့် ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်များကို ထိုင်းနိုင်ငံနှင့် ဆက်သွယ်ပေးမည့် အခြားလမ်းပရောဂျက်အတွက် ဒေါ်လာ သန်း ၂၅၀ ခန့် ပံ့ပိုးပေးမည်ဖြစ်သည်။

Ref: ရိုက်တာ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ