Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ပေါက်တောမြို့နယ် အနောက်ရဲရွာ၏ ကုလားတန်မြစ်အား မြင်ရစဉ်။

ရခိုင်ပြည် ပေါက်တောမြို့နယ် အနောက်ရဲရွာ မွတ်ဆလင်ဒုက္ခသည်စခန်းမှ မွတ်ဆလင် ၁၇ ဦး ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် မြစ်ထဲ ငါးဖမ်းနေစဉ် အာဏာသိမ်း စစ်ကောင်စီ ရေတပ်က ဖမ်းဆီးသွားကြောင်း ဒုက္ခသည်များက ပြောသည်။

အနောက်ရဲရွာအနီး ကုလားတန်မြစ်ထဲ ငါးရှာဖွေနေစဉ် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် စစ်ကောင်စီ နေဗီက သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။

“ကုလားတန်မြစ်မှာ ကျားပိုက်နဲ့ ငါးသွားဖမ်းနေတဲ့အချိန် စစ်ကောင်စီရေတပ်နေဗီကနေခေါ် ဖမ်းဆီးသွားတာပါ။ ငါးဖမ်းနေစဉ် သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားတာပါ။ အပြစ်မဲ့မွတ်ဆလင် ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ လူတွေအားလုံး တစ်နေ့လုပ် တစ်နေ့စားကြတဲ့ သူတွေဖြစ်ပါတယ်”ဟုပြောသည်။

ယခု စစ်ကောင်စီတပ်ထံ အဖမ်းခံရသည့် သူများမှာ အမျိုးသားများ ဖြစ်ကြပြီး အသက် ၂၃နှစ်ကနေ ၄၀ ကြားထဲရှိကြကာ ငါးဖမ်းလုပ်ငန်းနှင့် မိသားစု စားဝတ်နေရေးကို ဖြစ်ရှင်းနေရသူများ ဖြစ်ကြောင်း မိသားစုထံ သိရသည်။

ယနေ့ ဖမ်းဆီးခံရသည့် ၁၇ ဦးထဲ ၁၅ ဦးကို ယမန်နေ့ည ၁၀ နာရီ ၄၀ အချိန်ခန့်တွင် ပြန်လည်လွှတ်ပေးလိုက်သော်လည်း ကျန် ၂ဦးကို ယနေ့ လွှတ်ပေးမည်ဟုဆိုကာ လက်ရှိအချိန်အထိ လွှတ်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များ ပြောပြသည်။

အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက “၁၇ ဦးထဲက ၁၅ ဦးကိုတော့ မနေ့ညကပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျန်တဲ့ နှစ်ယောက်ကို မနက်ဖြန် လွှတ်မယ့်လို့ ပြောပါတယ်။ အခုအချိန်အထိ ပြန်မလွှတ်ပေးသေးပါဘူး။ မိသားစုတွေ အရမ်းစိတ်ပူနေကြတယ် ” ဟု ပြောသည်။

လက်ရှိတွင် IDPs စခန်းတွင် ထောက်ပံ့ကြေးမရသည့်အတွက် ရိက္ခာများ ပြတ်လပ်မှုများ ရှိနေပြီး ငါးဖမ်းသူများကို ဖမ်းဆီးမည် ဆိုပါက ယခုထက် စားဝတ်နေရေး ဆိုးရွားသွားနိုင်ကြောင်း ဒုက္ခသည်များက ပြောဆိုသည်။

“၂၀၂၃ နိုဝင်ဘာ တိုက်ပွဲစဖြစ်ကတည်းက ရိက္ခာတွေ ထောက်ပံ့ကြေးမရတော့ဘူး။ WFP က နှစ်လစာပဲ ထောက်ပံ့ပေးခဲ့ပြီးတော့ နောက်မထောက်ပံ့ပေးတော့ပါ။ ဒီလို ရိက္ခာမရဘဲနဲ့ နောက် နှစ်လ သုံးလ နေထိုင်ရမယ်ဆိုရင် ဒုက္ခသည်တော်တော်များများ ထမင်းငတ်ရင်းနဲ့ သေဆုံးသွားနိုင်တယ်။ အခုလည်း ထမင်းငတ်နေကြတဲ့ လူတွေအများကြီးရှိနေပါတယ်”ဟုပြောသည်။

ပြီးခဲ့သည် သြဂုတ်လ ၁၄ ရက် အနောက်ရဲ IDP ဒုက္ခသည်စခန်းက အပြစ်မဲ့ မွတ်ဆလင် ၈ဦးကို ကုလားတန်မြစ်မှာ ငါးသွားဖမ်းနေစဥ် ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည့်သည့် ကလေးငယ်နှစ်ယောက်ကို လွှတ်ပေးကာ ကျန် ၆ဦးကို ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ကြောင်း မိသားစုများထံမှ သိရသည်။

ပုံစာ- ပေါက်တောမြို့နယ် အနောက်ရဲရွာ၏ ကုလားတန်မြစ်အား မြင်ရစဉ်။ ဓါတ်ပုံ/ Western News

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ