Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၂ ကိုဗစ်ကာလအတွင်း ကျောက်ဖြူမြို့အဝင်အထွက်အား စစ်ဆေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ (ဓါတ်ပုံ - MOI)

ရခိုင်ပြည် ကျောက်ဖြူမြို့ထဲသို့ ဝင်ရောက်နိုင်ရေး ကျေးလက်ဒေသက နယ်ခံများ ငွေကျပ် ၈ သိန်းနှင့်အထက်ကို ပေးနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

ကျောက်ဖြူမြို့အဝင် ၁၀ မိုင်ခန့်အကွာ ဟိုက်ဝေးလမ်းမပေါ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်းရှိပြီး တစ်ဂိတ်ကို ငွေကျပ် ၂ သိန်းအနည်းဆုံးပေးနိုင်မှ မြို့ထဲသို့ ဝင်ရောက်နိုင်ကြောင်း နယ်ခံတစ်ဦးက ပြောသည်။

” ကျောက်ဖြူမြို့က မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီက မိုင်းတွေထောင်ထားတော့ နေရာတိုင်းက ဝင်ထွက်ဖို့ မလွယ်ကူဘူး။ ခိုးဝင် ခိုးထွက်ဖို့လည်း မလွယ်ဘူး။ ဟိုက်ဝေး လမ်းမပေါ် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး အဓိက ဝင်ကြတယ်။ ဇင်ချောင်း-ကျောက်ဖြူအဝင်မှာ ဂိတ် ၄ လောက်ရှိတယ်။ တစ်ဂိတ်ကို အနည်းဆုံး ကျပ် ၂ သိန်းလောက်ပေးရတယ်။ မဟုတ်ရင် ပေးမဝင်ဘူး။ ဒါတောင် ကျောက်တလုံးဂိတ်မှာ ၂ နာရီလောက် အစစ်အဆေးခံရသေးတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က ကျောက်ဖြူမြို့နယ်က တိုက်နယ်ကျေးရွာတစ်ခုတွင် အရေးပေါ်လူနာတစ်ဦး ကျောက်ဖြူမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ရာ စစ်ကောင်စီ စစ်ဆေးဂိတ်တိုင်းကို ငွေကျပ် ၂ သိန်းစီ ပေးခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။

” အရေးပေါ်လူနာ အဘွားအိုတစ်ဦး အသက် ၈၀ လောက်ရှိမယ်ထင်တယ်။ အသက်အန္တရာယ်စိုးရိမ်ရလို့ လူနာတင်ကားနဲ့ သွားတာနော် အဲဒါ စကစ ဂိတ်တွေကို ငွေကျပ် ၁၅၀,၀၀၀ ကနေ ၂ သိန်းအထိ ပေးခဲ့ရတယ်။ လူနာက တိုးလို့ လေဖြတ်သွားသလို ဖြစ်နေလို့ ဇင်ချောင်းဆရာဝန်က ကျောက်ဖြူသွားမှ ရမှာဆိုလို့ အရေးတကြီးသွားတာ။ မြို့အဝင်ဂိတ်မှာ အစစ်အဆေး ၃ နာရီလောက်ကြတော့ အဲဒီဂိတ်မှာပဲ သေဆုံးသွားခဲ့တယ်။ ဆေးရုံမရောက်လိုက်ဘူး။ ဒီလိုပဲ ဖြစ်စဉ်တူတွေ အများကြီးပါ ” ဟု ပြောသည်။

စစ်ကောင်စီတပ်များက ကျောက်ဖြူမြို့ ပတ်ပတ်လည် ရေပြင်၊ ကုန်ပြင်များတွင် စစ်ဆေးဂိတ် အများအပြားချထားသလို မိုင်းထောင်ပြီး အသွားအလာ တင်းတင်းကျပ်ကျပ် ကန့်သတ်ပိတ်ပင်ထားသည်။

စစ်ကောင်စီက မြို့အဝင်အထွက်ကို တင်းကျပ်ပိတ်ပင်ထားသည့် ကြားထဲ တစ်ပိုင်တစ်နိုင် ကုန်ရောင်းကုန်ဝယ်ပြုလုပ်သူများ၊ နေမကောင်းမကျန်းမာသူများနှင့် အရေးပေါ်လူနာများမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၏ ငွေညှစ်မှုများကို ခံနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

စစ်ကောင်စီ ထောင်ထားသော မြေမြှုပ်မိုင်းများကို နင်းမိပါကလည်း ဒေသခံပြည်သူများမှာ အသက်ဆုံးရှုံးသွားလျှင် မိုင်းဆုံးရှုံးမှုတန်ဖိုး လျှော်ကြေး ပေးစရာမလိုဘဲ အသက်မသေဆုံးပါက မိုင်းတန်ဖိုး အနည်းဆုံး ၅ သိန်းနှင့်အထက်ကို ပေးရမည်ဟု စစ်ကောင်စီ နယ်မြေခံတပ်များ အမိန့်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

preload imagepreload image