Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရက်ပေါင်း ၁၂၀ စီမံချက်တွင် မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂သိန်းခန့် ဖမ်းဆီးခံခဲ့ရ

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း လေးနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများအား ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအား မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဟု ထိုင်းအစိုးရ ကြေညာကြောင်း ထိုင်း The Nation သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ၏ တောင်းဆိုချက်အရ ထိုင်း အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီထားသည့် အချက်သုံးချက် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရက အဓိက အချက်သုံးချက်ကို သဘောတူညီခဲ့ကြပြီး ယင်းအထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် အထောက်အထားမဲ့သူများကို အပါအဝင် ယင်းတို့၏ အသက် ၁၈ နှစ်အောက် ကလေးများကို ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ပြုခဲ့သည်။

MoU စနစ်အရ လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများအတွက် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကာလကို နှစ်နှစ်မှ လေးနှစ်အထိ တိုးမြှင့်မည်ဖြစ်ပြီး အလုပ်ပြောင်းသည့် ကာလကို ယခင်က တစ်လမှ နှစ်လအထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း နယ်စပ်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်ကာလနှင့် အခြားတောင်းဆိုမှုများ မအောင်မြင်ခဲ့ကြောင်း နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ က ဆိုသည်။

ထိုင်းနယ်စပ်ဒေသရှိ နယ်စပ်ဝင်ပေါက် ဂိတ်များတွင် သုံးလလျှင် တစ်ကြိမ်သာ တရားဝင် သက်တမ်း တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ကြေညာခဲ့သည်။

အထောက်အထား မှတ်ပုံတင်ခြင်း ကုန်ကျစရိတ်အသေးစိတ်နှင့် လုပ်ငန်းစဉ်များကို ထိုင်းဘုရင့်နန်းတော်၏ ခွင့်ပြုချက်နှင့် အာဏာပိုင်များက ထုတ်ပြန်ကြေညာပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း FED မှ ပြောကြားသည်။

လက်ရှိတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား အလုပ်သမားများ အများအပြားလည်း ရှိနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၂၀ စီမံချက်အတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမဝင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂၅၆၂၁၃ ဦးကို ဇွန်လ ၅ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ ဖမ်းဆီးအရေးယူခဲ့ကြောင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား တရားမဝင် အလုပ်သမား ၁၉၃,၄၃၀ဦး၊ ကမ္ဘောဒီးယား အလုပ်သမား ၃၉,၇၃၆ဦး၊ လာအို အလုပ်သမား ၁၅,၂၈၁ဦး၊ ဗီယက်နမ် အလုပ်သမား ၁၆၂ဦးနှင့် တခြားနိုင်ငံမှ အလုပ်သမား ၇,၆၀၄ဦးတို့ ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ