Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်အတွင်း သွားလာနေသော စက်လှေတစ်စီး။ (ပုံဟောင်းဖြစ်သည်)

(ရုပ်အလောင်းများကို ကျောက်တော်-ပလက်ဝ အစပ်တွင် တွေ့ရှိ)

အသက်မပြည့်သေးသည့် ကလေးငယ် တစ်ဦးအပါအဝင် ပလက်ဝဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦး ကျောက်တော်မြို့သို့ ကုန်ပစ္စည်းသွားပို့စဉ် လမ်းတွင် ဓါးမြတိုက် အသတ်ခံရကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။

အသတ်ခံရသူ ၃ ဦးမှာ ပလက်ဝမြို့နယ် မောင်နှမကျေးရွာကဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ပီစီထွန်း၊ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်၊ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်တို့ဖြစ်သည်။

ပီစီထွန်းမှာ ဦးအောင်ဆန်း၏ မြေးဖြစ်ပြီး ကိုအိုက်မြင့်မှာ ဦးအောင်ဆန်း၏ သားဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးမှာ ခူမီးလူမျိုးများဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယဘက်မှ လာသော စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များကို ပလက်ဝမြို့ကတစ်ဆင့် ကျောက်တော်မြို့သို့ သွားပို့စဉ် လမ်းတွင် အသတ်ခံရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

” ဦးအောင်ဆန်း ဇနီးက တစ်ပတ်ကြာလို့ အိမ်ပြန်မရောက်လို့ ပလက်ဝသွားပြီး ကုန်သည်တွေကို သွားမေးတာ။ ကုန်သည်တွေက ကျောက်တော်-ပလက်ဝ အစပ် မွန်ထောင့်နဲ့ တန့်ဆိပ်မှာ လူသေအလောင်း တွေ့တယ်ဆိုလို့ သွားကြည့်တာ သူမရဲ့ အမျိုးသားနဲ့ သား၊ မြေးဖြစ်နေတယ်။ ရုပ်အလောင်းတွေမှာ လက်ပြတ်တဲ့သူက ပြတ်၊ ခေါင်းပြတ်တဲ့သူက ပြတ်နဲ့ ခန္ဓာကိုယ်မှာလည်း ဓားခုတ်ဒဏ်ရာတွေ အများကြီးပဲ။ ဓါးမြတိုက် အသတ်ခံရတယ်လို့ ယူဆပါတယ်။ ” ဟု ပြောသည်။

အသတ်ခံရသည့် နေ့ရက်ကို မသိရသော်လည်း ရုပ်အလောင်းများကို ကျောက်တော်-ပလက်ဝမြို့နယ်အစပ် မွန်ထောင့်ရွာအနီး မြစ်ကမ်းနားက တစ်လောင်းနှင့် တန့်ဆိပ်ကျေးရွာအနီး မြစ်ကမ်းနားက နှစ်လောင်းကို စက်တင်ဘာလ ၁၇, ၁၈ ရက်တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပလက်ဝကုန်သည်တစ်ဦးက ” သူက ဟွန်ဒါစက်လှေနဲ့ ကျောက်တော်ကို ပစ္စည်းပို့ဖို့ သွားကြတာ။ လူလည်း ရက်ရက်စက်စက် အသတ်ခံရတယ်။ ပစ္စည်းတွေကိုလည်း အားလုံး ယူသွားကြတယ်။ လမ်းမှာ အသတ်ခံရတာကြားရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါက ကုန်သည်တွေအတွက် အရမ်းစိုးရိမ်စရာ ဖြစ်သွားတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် လုပ်ပေးစေချင်ပါတယ်။ ”

ပလက်ဝ ကျေးလက်ဒေသတွင် တယ်လီဖုန်းများ လိုင်းမမိ၍ ဦးအောင်ဆန်း ဇနီးအား ဆက်သွယ် မရရှိသေးကြောင်းနှင့် ဦးအောင်ဆန်း မိသားစုဝင် တစ်ဦးကတော့ ပလက်ဝမြို့နယ် နှမဒါဒေသရှိ AA တပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း ဆိုသည်။

” နှမဒါ ဒေသမှာရှိတဲ့ AA အဖွဲ့ကို တိုင်ကြားထားတယ်လို့ ပြောတယ်။ AA က မူခင်းအား စစ်ဆေးနေတယ်ထင်တယ်။ အကြောင်းတော့ မပြန်သေးဘူး။ တရားမျှတမှုကို လိုချင်ပါတယ်။ ” ဟု ပြောသည်။

ဦးအောင်ဆန်း ဇနီးဖြစ်သူက ရုပ်အလောင်းများကို ပြန်လည်သယ်ယူသွားပြီး သင်္ဂြိုလ်လိုက်ပြီဟု ခိုင်လုံသော သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ မူခင်းနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပေ။

ပလက်ဝဒေသနှင့် ကျောက်တော်ဒေသသည် AA ၏ ထိန်းချုပ် စိုးမိုးသော နယ်မြေဖြစ်ပြီး ရခိုင်မြောက်ပိုင်းဒေသကို အိန္ဒိယက ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ ပလက်ဝမြို့တစ်ဆင့် ဖြန့်ဝေပေးနေခြင်းဖြစ်သည်။

ကုန်သည်အများအပြားမှာ အိန္ဒိယက ကုန်ပစ္စည်းများ သယ်ယူပြီး ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်တစ်လျှောက် သွားလာ ကုန်သည်နေကြခြင်းဖြစ်ပြီး ပစ္စည်းလု ဓါးမြတိုက် သတ်ဖြတ်မှုများရှိနေခြင်းသည် ကုန်သည်များအတွက် အလွန်စိုးရိမ်စရာဖြစ်သည်ဟု ကုန်သည်များက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ