Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြသည့် မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်း ကူညီထောက်ပံ့ပေးမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများမှာ မွတ်ဆလင်ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ်က အကူအညီပေးနေသည့် ဒေသခံ လူမှုအသိုက်အဝန်းအတွက်လည်း ပါဝင်ကြောင်းဆိုသည်။

အမေရိကန်က မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်း ပေးမည်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်အစည်းအဝေးမှာ ကြေညာခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ငွေများကို အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) အပါအဝင် အမေရိကန် အေဂျင်စီများကတဆင့် သုံးစွဲမည်ဟု အမေရိကန် အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချသူများဆိုင်ရာဌာနအတွက် ဒေါ်လာသန်း ၇၀ ခန့်နှင့် USAID အတွက် ဒေါ်လာ ၁၂၉ သန်းကျော်လျာထားကြောင်း သိရသည်။

မွတ်ဆလင် ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် အဖွဲ့အစည်းများကို USAID အကူအညီအထဲက ဒေါ်လာ ၇၈ သန်းဖိုး အမေရိကန် လယ်သမားများဆီက လယ်ယာထွက်ကုန်များကို ဝယ်ယူပြီး ပို့ဆောင် ဖြန့်ဝေပေးမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များမှာ ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်ဖြစ်ပေါ်နေပြီး ၎င်းတို့အတွက် အစားအစာ၊ အဟာရနှင့် အကာအကွယ်ပေးရေး အကူအညီများကို နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ၊ UNICEF နှင့် WFP က ပံ့ပိုးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ အပါအဝင် ဘင်္ဂလားဒေ့ရှ် ဒေသတွင်းက အကျပ်အတည်းဒဏ်ခံ ရပ်ရွာများသို့ အကူအညီများ ပေးအပ်ရန် အမေရိကန်က ကတိကဝတ်ပြုကြောင်းနှင့် ထိခိုက်လွယ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အခြားအလှူရှင်များအား ပံ့ပိုးကူညီမှုတိုးမြှင့်ပေးရေးကို တောင်းဆိုထားကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်များအတွက် ၂၀၁၇ ခုနှစ် ဩဂုတ်လ ကတည်းကစပြီး အမေရိကန်၏ ကူညီထောက်ပံ့မှု ဒေါ်လာ ၂.၅ ဘီလီယံ ကျော်သွားပြီဟု သိရသည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရခိုင်ပြည်အတွင်း လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်က မွတ်ဆလင် တစ်သန်းကျော် ရောက်ရှိသွားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ