Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အလည်နိုင်ငံကူးလက်မှတ် PV ပါ့စ်ပို့ကို ကိုင်ဆောင်ပြီး ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကြမည့်သူများကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်လေဆိပ်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လက PV ကိုင်ဆောင်သူများကို ပိတ်ပင်ခဲ့ပြီးနောက် ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ကစ၍ ထပ်မံ ပိတ်ပင်ကာ ရန်ကုန်လေဆိပ်ကနေ ပြန်လည် လှည့်ပြန်ခိုင်းနေခြင်းဖြစ်သည်။

ယမန်နေ့က ထိုင်းနိုင်ငံသို့ ထွက်ခွာကြမည့် ရာနှင့်ချီသော PV ကိုင်ဆောင်သူများမှာ ၅၀ ဦးထက်မနည်း ပြန်လည် စေလွှတ်ခံရပြီး သတ်မှတ်ချက် စည်းကမ်းများနှင့် ကိုက်ညီမှုမရှိဟုဆိုကာ စစ်ကောင်စီ တားဆီးပိတ်ပင်ခဲ့သည်။

” လေယာဉ်လက်မှတ် ကောင်တာကို ဖြတ်လို့ အပေါ်မှာ လဝက ကိုဖြတ်တဲ့အခါမှာ စစ်ဆေးမေးမြန်းတာ စတာပါပဲ။ မေးတဲ့ဟာတွေ အများကြီးပါ။ အထောက်အထားတွေ မပြည့်စုံလို့ဆိုပြီး လေယာဉ်ပေါ်တောင် မရောက်ခဲ့ဘူး။ ပြန်လာရတယ်။ ပါ့စ်ပို့က တစ်ခါမှ မသွားဖူးတဲ့ အသစ်မို့လို့၊ ဟိုတယ်ဘိုကင်တွေက မှန်ကန်မှုမရှိတာတို့၊ ဘယ်နယ်ကဖြစ်လို့၊ ဘာသွားလုပ်မှာလဲလို့ စသဖြင့် ရစ်တာပဲ။ လေယာဉ်မှတ်တွေ၊ ထိုင်းမှာ ဟိုတယ် အခန်းငှားတာတွေ အကုန်လုံး ဆုံးရှုံးသွားပါတယ်။ ” ဟု ရန်ကုန်လေဆိပ်ကနေ ပြန်လာရသူ တစ်ဦးက ပြောသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိ၍ဟုဆိုကာ ရန်ကုန်လေဆိပ်ကနေ ပြန်လာရသည့် PV ကိုင်ဆောင်သူများမှာ လေယာဉ် လက်မှတ်ခ၊ ပွဲစားခ၊ ဗီဇာခ၊ ဟိုတယ်အခန်းငှားခ စသဖြင့် ကုန်ကျစရိတ် ကျပ် သိန်း ၂၀ မှ ၆၀ အထိကို ဆုံးရှုံးနေကြခြင်းဖြစ်သည်။

ထိုင်းနှင့်ကိုးရီးယား ပြည်ပခရီးသွားအေဂျင်စီမှ ဒါရိုက်တာတစ်ဦးက “အခု လကုန်ပိုင်းတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေရော အသက် ၁၈ နှစ်ကနေ အသက် ၃၅ အထိ လေယာဉ်လက်မှတ် အသွားအပြန်၊ ဗီဇာ၊ ဟိုတယ်ဘိုကင်၊ Show Money အကုန်အစုံပါတယ်။ သွားခွင့်မရဘူး။ VIP Service အတွက် လိုင်းရိုက်ထားတဲ့ သူတွေပဲ ထွက်လို့ရတယ်။ သာမန် ဒီအတိုင်း အထောက်အထားယူပြီး သွားလည်း လေဆိပ်ကနေ လှည့်ပြန်ခိုင်းတာပဲ။ ပြည်ပထွက်ချင်တဲ့သူတွေဆိုရင် ထိုင်း VIP Service အတွက် သိန်း ၂၀ ကိုယ့်ဟာကိုယ် ချိတ်ဆက်ပေးခိုင်းတယ်။ အဲဒါဆိုရင်တော့ သေချာတယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မြန်မာပြည်မှ ပြည်ပသို့ အလုပ်သွားလုပ်ကြမည့် လူငယ်များကို အဓိက ပစ်မှတ်ထား ပြည်ပထွက်ခွာခွင့် ပိတ်ပင်နေသည်။

အထူးသဖြင့် ထိုင်းနှင့် မလေးရှားသို့ သွားကြမည့်သူများကို တင်းကျပ်စစ်ဆေးပြီး PV, PJ နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်လုပ်ခွင့်ကို ပိတ်ပင်နေခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ