Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပလက်ဝ-ကျောက်တော် ကုန်သွယ်ရင်း လမ်းတွင် ဓါးမြတ်တိုက် သတ်ဖြတ်ခံရသည့် ကုန်သည်မိသားစုဝင်များ။ (ဓါတ်ပုံ - Zalen)

ပလက်ဝဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က ယနေ့ အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ပလက်မြို့နယ် မောင်နှမကျေးရွာက မိသားစုဝင် ၃ ဦးမှာ စက်တင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ကုန်ပစ္စည်းများကို ဟွန်ဒါစက်လှေဖြင့် ရခိုင်ပြည် ကျောက်တော်မြို့ကို ပို့ဆောင်စဥ် လမ်းတစ်ဝက်အရောက်မှာ သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသည့် ရက်ကို အတိအကျမသိရသော်လည်း စက်တင်ဘာလ ၁၇ ရက်၊ ၁၈ ရက်က မွန်ထောင့်ကျေးရွာနှင့် တန့်ဆိပ်ကျေးရွာတို့တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများမှာ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ပြီး ခူမီးလူမျိုးများဖြစ်ကြသည်။

၎င်းတို့ သတ်ဖြတ်ခံရပြီး သေဆုံးလျှက်တွေ့ရှိရသည်ကို IKACC အနေဖြင့် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရကြောင်းနှင့် မိသားစုဝင်များနှင့်ထပ်တူ များစွာ ယူကြုံးမရဖြစ်ရသည်ဟု ဆိုသည်။

IKACC အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လူထုလုခြုံရေးနှင့် လူမှုဖွံဖြိုးရေးကို အစဥ်တစိုက်ဦးတည်ပြီး ဒေသခံလူထုအပေါ် မည်သည့်အကြောင်းနှင့်မျှ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်နည်းအတူ ယခုဖြစ်စဥ်အပေါ် လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမူရရှိရေးအတွက် ကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးနိုင်ရေး နည်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ပြီး ဒေသတွင်းရှိ သက်ဆိုင်ရာပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့စည်းအနေဖြင့်လည်း ဝိုင်းဝန်ဆောင်ရွက်ပေးကြရန် IKACC က အလေးနက် တိုက်တွန်းထားသည်။

ပလက်ဝကုန်သည်တစ်ဦးက ” သူက ဟွန်ဒါစက်လှေနဲ့ ကျောက်တော်ကို ပစ္စည်းပို့ဖို့ သွားကြတာ။ လူလည်း ရက်ရက်စက်စက် အသတ်ခံရတယ်။ ပစ္စည်းတွေကိုလည်း အားလုံး ယူသွားကြတယ်။ လမ်းမှာ အသတ်ခံရတာကြားရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါက ကုန်သည်တွေအတွက် အရမ်းစိုးရိမ်စရာ ဖြစ်သွားတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် လုပ်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။

ဦးအောင်ဆန်း မိသားစုဝင်တစ်ဦးက သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပလက်ဝမြို့နယ် နှမဒါဒေသရှိ AA တပ်ဖွဲ့ထံ တိုင်ကြားထားကြောင်း ဆိုသည်။

” နှမဒါ ဒေသမှာရှိတဲ့ AA အဖွဲ့ကို တိုင်ကြားထားတယ်လို့ ပြောတယ်။ AA က မူခင်းအား စစ်ဆေးနေတယ်ထင်တယ်။ အကြောင်းတော့ မပြန်သေးဘူး။ တရားမျှတမှုကို လိုချင်ပါတယ်။ ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိသေးပေ။

ပလက်ဝဒေသနှင့် ကျောက်တော်ဒေသသည် AA ၏ ထိန်းချုပ် စိုးမိုးသော နယ်မြေဖြစ်ပြီး ရခိုင်မြောက်ပိုင်းဒေသကို အိန္ဒိယက ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ ပလက်ဝမြို့တစ်ဆင့် ဖြန့်ဝေပေးနေခြင်းဖြစ်သည်။

ကုန်သည်အများအပြားမှာ အိန္ဒိယက ကုန်ပစ္စည်းများ သယ်ယူပြီး ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်တစ်လျှောက် သွားလာ ကုန်သွယ်နေကြခြင်းဖြစ်ပြီး ပစ္စည်းလု ဓါးမြတိုက် သတ်ဖြတ်မှုများရှိနေခြင်းသည် ကုန်သည်များအတွက် အလွန်စိုးရိမ်စရာဖြစ်သည်ဟု ကုန်သည်များက ပြောဆိုကြသည်။

ဆက်စပ်သတင်းများ