Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရမ်းဗြဲမြို့သိမ်းတိုက်ပွဲအတွင်း မြို့ခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - Ko Ko Naing)

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်မှာ ဒေသခံများအပါအဝင် အခြားမြို့နယ်များက စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော်ရှိပြီး ၎င်းတို့အားလုံးမှာ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေကြောင်း သိရသည်။

တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင် စသည့် ဒေသများက ပြည်သူလူထုများမှာ ရမ်းဗြဲမြို့နယ်သို့ စစ်ရှောင်လာကြပြီး အကူအညီလိုအပ်နေခြင်းဖြစ်သည်။

AA အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ရမ်းဗြဲမြို့နယ်က စစ်ရှောင်မြို့လိုဖြစ်နေပြီ။ တောင်ကုတ်ကလည်း လာတယ်။ ကျောက်ဖြူကလည်း လာတယ်။ မာန်အောင်လည်းရှိတယ်။ ရမ်းဗြဲက အနီးဆုံးဆိုတော့လေ။ ကျောက်ဖြူကဆို တိုက်ပွဲတွေရှိနေတဲ့ စနဲ၊ ဇင်ချောင်း တခုလုံး ရမ်းဗြဲမှာ စစ်ရှောင်နေကြတယ်။ လူဦးရေ ၃ သောင်းကျော်လောက် ရှိမယ်ထင်တယ်။ ” ဟု ပြောသည်။

လတ်တလောတွင် အဆိုပါ စစ်ရှောင်များကို အမည်မဖော်လိုသည့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက စားနပ်ရိက္ခာထောက်ပံ့ပေးထားသော်လည်း စစ်ရှောင်အားလုံးကို မထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

ပစ္စည်းဖြန့်ဝေရာတွင် ပါဝင်သူတစ်ဦးက ” ဒုက္ခသည် ၃ သောင်းကျော်လောက်မှာ ၁ သောင်းလောက်ပဲ စားနပ်ရိက္ခထောက်ပံ့နိုင်တယ်။ ဒါတောင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ရအောင် မနည်းကြိုးစားထားရတာ၊ ချဉ်းကပ်ထားရတာ။ ဒုက္ခသည်တွေမှာ အများကြီး လိုအပ်တာပေါ့။ နေဖို့၊ စားဖို့ ကျန်းမာရေးကအစ အကူအညီက အများလိုအပ်တာပေါ့။ ” ဟု ပြောသည်။

ရမ်းဗြဲဒေသသည် လက်ရှိတွင် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်ဖြစ်ပြီး စစ်ရှောင်ပြည်သူများကို ULA/AA အစိုးရအဖွဲ့က ထောက်ပံ့မှုများ ရှိသော်လည်း လုံလောက်သော ထောက်ပံ့မှုများကို မပေးနိုင်ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်တွင် ရှိနေသည့် စစ်ရှောင်ပြည်သူများအပါအဝင် အခြားမြို့များရှိ စစ်ရှောင်ဒုက္ခသည်များမှာ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုဖြင့် နေထိုင်စားသောက်နေရပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရရှိမှု အလွန်နည်းပါးကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

သံတွဲမြို့နယ်တွင်လည်း စစ်ရှောင်ပြည်သူ ၂ သောင်းကျော်အထိရှိပြီး ၎င်းတို့မှာလည်း စားနပ်ရိက္ခာ အရေးတကြီး အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များအားကူညီနေသည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ