Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီကြောင့် အပြစ်မဲ့ ရခိုင်ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး ဒုက္ခသည်များဖြစ်သွားကြစဉ်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု ၁ နှစ်နီးပါးအကြာ ရှိလာသည့် ရခိုင်ပြည်တွင် ဒေသခံများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို အဓိကရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။

ကျန်းမာရေးဆိုင်ရာပြဿနာများမှာ ဆေးဝါးပြတ်လပ်ခြင်း၊ ရှိသည့်ဆေးဝါးများ စျေး အဆမတန်မြင့်ခြင်းများ အပါအဝင် ဆေးရုံဆေးခန်း အများစုမဖွင့်လှစ်နိုင်ခြင်းနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများမရှိတော့ခြင်းတို့ဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါပြဿနာများကို ရခိုင်ဒေသခံများကြုံတွေ့နေကြရခြင်းပြီး ထိုအထဲမှ အဓိက အကျဆုံးပြဿနာမှာ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများမရှိတော့ခြင်းသည် အဓိကပြဿနာဖြစ်နေသည်ဟု ကျောက်ဖြူမြို့နယ်မှ အထက်တန်းသူနာပြုတစ်ဦးက ပြောသည်။

“ကျန်းမာရေးပြဿနာတွေကတော့ အမျိုးမျိုးပဲ။ ဆေးဝါးမလုံလောက်တာ၊ ရှိတဲ့ဆေးတွေကရောဂါနဲ့ကိုက်ညီတဲ့ ဆေးတွေနည်းတာတွေ ဖြစ်နေတယ်။ အဓိကကတော့ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းတွေ လုံးဝအားနည်းသွားတယ်။ ဒီဖက်မှာဆိုလည်း နယ်ခံ ဆရာဝန်တွေလောက်ပဲ ကျန်ခဲ့တော့တယ်။ ရောဂါကို သေချာမကုသပေးနိုင်တာ ပိုများလာပါတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိ ဆရာဝန်ဦးရေမှာ ဆေးရုံအုပ်ကြီးအပါအဝင် ၃ ဦးခန့်သာရှိပြီး အဆိုပါဆရာဝန်များမှာလည်း ပြင်ပဆေးခန်း အထိုင်များသည့်အတွက် ဆေးရုံကလူနာများမှာ သူနာပြုများဖြင့်သာ ကုသကြရပြီး ရောဂါဝေဒနာ ပျောက်ကင်းမှု နည်းပါးကြောင်း သိရသည်။

ယင်းအပြင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်များတွင်လည်း လူနာအား စနစ်တကျကုသပေးသည့် ဆေးရုံဆေးခန်းများ မရှိဖြစ်နေရာ ဒေသနေလူထုမှာ ကျန်းမာရေးကိစ္စများတွင် များစွာခက်ခဲလျှက်ရှိနေကြသည်။

ဆေးရုံဆေးခန်းများတွင် ကုသရေးအဆင်မပြေသည့်အခြေနေကို ပုဏ္ဏားကျွန်းမြို့နယ်မှ လူနာအမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ရောဂါက စစချင်း ခါးတွေနာတယ်။ ဗိုက်နေရာတွေ နာတာကနေ စဖြစ်တယ်။ နီးစပ်တဲ့ ပုဏ္ဏားကျွန်းတိုက်နယ်ဆေးရုံတစ်ခုမှာ သွားပြပါတယ်။ အဲ့ဒီကဆရာဝန်က အစာအိမ်ဆေးတွေပဲပေးတော့ အဲ့ဆေးတွေ ဖိသောက်ခဲ့ရတယ်။ နောက်ဝေဒနာ ပိုဆိုးလာတာနဲ့ မြောက်ဦးမှာရှိတဲ့ ဆေးခန်းမှာ အက်ထရာဆောင်းရိုက်လို့ရတယ်ဆိုလို့ သွားရိုက်တော့မှ သားဥအိမ်မှာ အရည်ထုပ်လေးတွေ တည်နေတယ်လို့ သိခဲ့ရပါတယ်။ ဒါကိုလည်း ဆရာဝန်နဲ့ သေချာဆွေးနွေးခွင့်မရခဲ့ပါဘူး။ ဆေးတွေပေးလိုက်တယ်။ မသက်သာတော့ နောက်ထပ်သွားပြတယ်။ ပိုပြင်းတဲ့ဆေးတွေထပ်ပေးတယ်။ မသက်သာသွားပြတယ်။ ဆေးပေးတယ်နဲ့ပဲ သံသရာလည်နေပါတယ်။ ခုထိမသက်သာသေးပါဘူး” ဟု ပြောသည်။

ထိုအမျိုးသမီးဖြစ်စဉ်ကဲ့သို့ ဖြစ်စဉ်မျိုးမှာ ဒေသတွင်း အများအပြားဖြစ်ပေါ်နေပြီး ဝေဒနာဖြစ်လာကြလျှင် သက်သာခွင့်မရဘဲ ဆေးသောက်ရင်းသာ အချိန်ကုန်နေကြရပြီး ငွေကြေးအမြောက်အမြား ကုန်ဆုံးနေကြရကြောင်း သိရသည်။

ယင်းအပြင် စစ်တွေမှလွဲ၍ မြောက်ပိုင်းမြို့နယ်တခွင်လုံးမှာ မြောက်ဦးမြို့နယ်ရှိ ဆေးရုံတစ်ခုတည်းကို အဓိက အားထားနေရပြီး အဆိုပါ ဆေးရုံတွင်လည်း ကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာဝန်ထမ်းများမရှိခြင်း၊ အခြေခံကျသည့် ရောဂါရှာဖွေရေး ကိရိယာများပင်မရှိခြင်းတို့ကြောင့် လူနာများမှာ ရောဂါပျောက်ကင်းသူနည်းပါးပြီး သေဆုံးရသူ များပြားလာကြောင်း ဆေးရုံနှင့်နီးစပ်သည့်အသိုင်းဝန်းမှ သိရသည်။

“အခုအခြေနေက ဖျားတာနာတာ၊ အားနည်းတာ၊ တွင်းရောဂါမဟုတ်ဘဲ ပြင်ပအထိခိုက်ရှိတာလေးတွေလောက်ပဲ ကောင်းကြတာများပါတယ်။ ဒီဖက်မှာက အဓိက တာဝန်ကျဆရာဝန် ၂ ယောက်ပဲရှိတယ်။ မြောက်ပိုင်းတစ်နယ်လုံးမှာ ဒီဆေးရုံက အခုအခြေနေအရ အကောင်းဆုံးပါပဲ။ အက်ထရာဆောင်းရိုက်လို့ရတယ်။ သွေးစစ်လို့ရတယ်။ ဒါတွေက ဆေးရုံမှာရှိတာမဟုတ်ဘူး။ ဆေးခန်းနဲ့ချိတ်ထားတာပါ။ (x-ray) ဓာတ်မှန်ရိုက်လို့ မရပါဘူး။ တွင်းရောဂါဖြစ်လို့ လာပြတဲ့လူနာတွေ သေတာများပါတယ်။ ဘာရောဂါမှန်းတောင် သေချာမသိလိုက်ရဘဲ သေသွားကြတဲ့သူတွေလည်းရှိကြပါတယ်” ဟု ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် တိုက်ပွဲကာလမတိုင်မီကတည်းက မြို့နယ်အလိုက်ရှိ ပြည်သူ့ဆေးရုံများ၌ ဆေးကုသရေးဆိုင်ရာများအားနည်းခဲ့ပြီး ပြည်သူများမှာ ပြင်ပဆေးရုံဆေးခန်းများကိုသာ အဓိကအားထားခဲ့ကြရကာ လက်ရှိ တိုက်ပွဲကာလအတွင်း ပြင်ပဆေးရုံဆေးခန်းများလည်း မလည်နိုင်တော့သည့်အချိန် ဒေသနေပြည်သူများမှာ ကျန်မာရေးပြဿနာများကို ပိုမိုဆိုးရွားစွာကြုံတွေ့နေကြရခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ