Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီအချိန် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။

သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင် မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး မကောင်းမွန်ခဲ့ရာမှ ယခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်မကွယ်လွန်မီ စစ်ကောင်စီက အောက်တိုဘာလ ၆ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အမိန့်စာကို ဆေးရုံတွင် လာရောက်ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ်များမှတ်ခဲ့ရသည်။

၎င်းမှာ ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းခံရသည့်နေ့တွင် မိသားစုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး စစ်တပ်က ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ