Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပုဏ္ဏားကျွန်းဒေသမှာ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော အခမဲ့ပညာသင်ကြားရေးကျောင်းအားတွေ့ရစဉ်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အခမဲ့ပညာသင်ကြားပေးနေသော ပုဏ္ဏားကျွန်းဒေသက စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါးမှာ ဖတ်စာအုပ်များ၊ စာရေးကိရိယာများ အကူအညီလိုအပ်နေကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိ အခမဲ့စာသင်ကြားရေးအစီစဉ်တွင် ကျောင်းသားဦးရေ ၇၀၀ နီးပါးကို စာသင်ဆောင် ၃ ခုခွဲကာ ပညာသင်ကြားပေးလျှက်ရှိနေပြီး ကျောင်းနေအရွယ်များမှာ KG တန်းမှ Grade 9 အထိ ရှိကြောင်းနှင့် ကလေးငယ်များမှာ အကူအညီများစွာ လိုအပ်နေကြောင်း ဆိုသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမတစ်ဦးက ” စာသင်ဆောင် အရမ်းနည်းတယ်လေ။ ခွဲပြီးတော့ စာသင်နေရပါတယ်။ ပြီးတော့ ကလေးတွေမှာ စားရေးကိရိယာ မလုံလောက်တာ၊ ဖတ်စာအုပ်တွေ မလုံလောက်တာ၊ ရေးဖို့ ပလာစာအုပ် မလုံလောက်တာ အများကြီးပါ။ ဖတ်စာအုပ်မလုံလောက်တော့ ကလေးတွေရော၊ သင်ကြားရတဲ့ ဆရာ၊ ဆရာမအတွက်ပါ အခက်အခဲဖြစ်စေတယ်။ မိုးရွာရင် ကလေးတွေ အရမ်းဒုက္ခရောက်ကြတယ်။ ကျောင်းလာဖို့ ထီးမရှိဘူး၊ ဖိနပ်တောင် မပါကြဘူး။ လွယ်အိတ်လည်း မရှိကြဘူး။ ဒီအခက်ခဲတွေကြားက ကလေးတွေ ပညာရေး မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် ဖောင်ဒေးရှင်းဘက်က ထောက်ပံ့ပေးပြီး စာသင်ကြားပေးနေပါတယ်။ ” ဟု ပြောသည်။

ဒေသခံစစ်ဘေးရှောင်များတွင် ဆင်းရဲချို့တဲ့သည့် မိသားစုများထဲမှ ကလေးငယ်များနှင့် ပုဏ္ဏားကျွန်းဒေသကို စစ်ရှောင်လာကြသည့် စစ်တွေဒေသခံများထဲမှ ကလေးငယ်များ ပညာမပြတ်လပ်စေရေးအတွက် ပုဏ္ဏားကျွန်းအခြေစိုက် လင်းရောင်ခြည်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး အခမဲ့ပညာသင်ကြားရေး အစီအစဉ်ကို လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက “အစီစဉ်လုပ်နေတာ ၁ လကျော်လောက်ရှိပါပြီ။ အဓိက ရည်ရွယ်တာက ကလေးတွေ ပညာရေးလမ်းစ ပြတ်တောင်မသွားဖို့ပါ။ ဒီအခြေနေမှာ ကိုယ့်ဒေသအလိုက် ဆရာဆရာမတွေနဲ့ ပညာသင်နေကြတယ်။ ဒါပေမယ့် ဒီစစ်ဘေးရှောင်ကလေးတွေကတော့ ကျောင်းလခလေး ၅,၀၀၀၊ ၁၀,၀၀၀ ကိုတောင် မပေးနိုင်ကြတဲ့အခြေနေမို့ အခုလိုအခမဲ့ပညာရေးအစီစဉ်ကို အကောင်ထည်ဖော်လာခဲ့ရတာပါ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းဒေသမှာ စစ်ရှောင်ကလေးငယ်များအပါအဝင် အခြားသော ငွေကြေးမတတ်နိုင်သည့် ပညာမသင်ကြားနိုင်သော ကလေးငယ် ထောင်နှင့်ချီ ရှိနေသေးပြီး လင်းရောင်ခြည်ဖောင်ဒေးရှင်းအနေဖြင့် ရန်ပုံငွေရှိသလောက် တတ်နိုင်သည့်အတိုင်းသာ ကူညီနိုင်ပြီး အလှူရှင်များ ရှိလာပါက စာသင်ဆောင်များတိုးချဲ့ကာ ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးကို ဆောင်ရွက်ပေးလိုသည်ဟု တာဝန်ရှိသူများက ဆိုသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ပညာရေးအစီအစဉ်အပေါ် ဝမ်းသာပိတိဖြစ်ရကြောင်းနှင့် နောက်ထပ်လည်း ပုဏ္ဏားကျွန်းမှာလို အခြားသော မြို့နယ်များတွင် အခမဲ့ပညာရေးအစီအစဉ်များ ပေါ်ပေါက်စေချင်သည်ဟု ပုဏ္ဏားကျွန်းဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“အခုက စစ်ဘေးရှောင်မှ မဟုတ်ပါဘူး။ တော်တော်ကို ခက်ခဲနေကြတဲ့ မိသားစုဝင်တွေ အများကြီးပဲ။ ထမင်းနပ်မှန်ရေးတောင် မလွယ်တော့တဲ့ အခြေနေဆို ကလေးပညာရေးကို ဘယ်အလေးထားနိုင်ပါတော့မလဲ။ ဒီပုဏ္ဏားကျွန်းမှ မဟုတ်ဘူး။ တခြားမြို့နယ်တွေမှာလည်း ဒီလိုခက်ခဲနေကြသူတွေ အများကြီးရှိနေတာ ကြားရတယ်။ ဒါကြောင့် အခုလို အခမဲ့ပညာရေးတွေကို ဖြစ်နိုင်တဲ့နေရာအနှံ့မှာ စီစဉ်ပေးနိုင်ရင်တော့ ပိုပြီးကောင်းတာပေါ့” ဟု ပြောသည်။

စစ်ကောင်စီနှင့် AA တို့ တကျော့ပြန်တိုက်ပွဲစခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ကတည်းက ရခိုင်ပြည်အတွင်း တက္ကသိုလ်ကျောင်းသားများအပါအဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကလေးငယ်များမှာ ပညာကောင်းကောင်းမွန်မွန် သင်ကြားနိုင်ခြင်းမရှိကြပေ။

ကျောင်းဖွင့်ရာသီ ဇွန်လတွင် စစ်ကောင်စီက စာသင်ကျောင်းများအား ဖွင့်လှစ်ပေးခဲ့သော်လည်း လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်များကြောင့် မိဖများမှာ ကလေးငယ်များအား ကျောင်းမပို့ကြကြောင်းနှင့် AA သိမ်းပိုက်ထားသော မြို့များတွင်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ ကျောင်းများအား ပိတ်ပင်ထားခဲ့သည်။

သို့သော် AA သည် ဆရာ၊ ဆရာမများဖြင့် ညှိနှိုင်းကာ သိမ်းပိုက်ထားသော မြို့များတွင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်းမှာမဟုတ်ဘဲ ဘော်ဒါဆောင်ကဲ့သို့ ဖွင့်လှစ်သင်ကြားရေးအစီအစဉ်ကို ခွင့်ပြုပေးခဲ့သည်။

ဘော်ဒါဆောင်ကဲ့သို့ အုပ်စုလိုက် ခွဲတမ်းသတ်မှတ်ကာ ပညာသင်ကြားရေးအစီအစဉ်မှာ ဆရာ၊ ဆရာမများကို ထောက်ပံ့ရန် ကျောင်းလခပေးရသည့် (အခကြေးငွေပေးရ) အစီအစဉ်ဖြစ်နေ၍ ငွေကြေးမတတ်နိုင်သည့် မိသားစုများ၊ စစ်ရှောင်များမှာ ကလေးငယ်များအား စာသင်ကျောင်းသို့ ပို့ဆောင်နိုင်ခြင်းမရှိကြပေ။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ