Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများ-ဓါတ်ပုံ- MG Perak

မလေးရှားနိုင်ံငံတွင် မြန်မာနိုင်ငံသားများ နေထိုင်ရာနေရာများနှင့် မြန်မာဆိုင်များကို ဝင်ရောက်စီးနင်းရာတွင် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံခဲ့ရပြီး ဖမ်ဆီးရာတွင် ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံက ပီနန်း၊ ဂျိုဟိုး၊ အီပို့၊ ဆလန်ဂေါပြည်နယ် ရှားလန်းစသည့်နေရာများကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားများ ရာနှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာ အလုပ်သမားများကို ကူညီဆောင်ရွက်နေသူတစ်ဦးက Western News ကို ပြောသည်။

“အခုတစ်လော နေရာတော်တော်များများကို ဖမ်ဆီးတယ်ဗျ။ ပီနန်း၊ ဂျိုဟိုး၊ အီပို့၊ ရှားလန်းစတဲ့ မြန်မာတွေ နေထိုင်တဲ့ နေရာတွေ၊ ပြီးတော့ မြန်မာဆိုင်တွေ၊ စက်ရုံတွေ ဝင်ရောက်စီးနင်းတယ်။ ဒီတစ်ပတ်အတွင်းမှာ ဆိုရင် မြန်မာ ၂၀၀ ကျော် ဖမ်းဆီးခံရတာတွေ ရှိတယ်”ဟုပြောသည်။

အောက်တိုဘာလ ၆ရက်နေ့ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့စဉ်အတွင်း ကလေးငယ်များအပါအဝင် အထောက်အထားမပြည့်စုံသူ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် အောက်တိုဘာလ ၆ရက်နေ့ က မလေးရှားနိုင်ငံ ပီနန်း ကောင်တာကို ဝင်ရောက်စီးနင်းခဲ့ရာတွင် အထောက်အထားမပြည့်စုံသူအမျိုးသား ၂၈ဦးနှင့် မြန်မာ အမျိုးသမီး ၁၅ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

အောက်တိုဘာလ ၅ရက်နေ့ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ရှားလန်း ‌စက်ရှင် ၂၅ အော်ပရာစီ အဖမ်းအဆီးတွင် လူပေါင်း ၁၀၉၁ ဦးကို စစ်ဆေးခဲ့ရာ အထောက်အထားမပြည်စုံသူ ၆၀၂ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၅၀၅ ဦးနှင့် အမျိုးသမီး ၉၇ ဦး ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၁၄ဦး၊ နီပေါ ၁၁၅ဦး၊ မြန်မာ ၈၆ဦး၊ အင်ဒိုနီးရှား ၈၁ဦး၊ အိန္ဒိယ ၆၀ဦး၊ ပါကစ္စတန် ၃၄ဦး၊ သီရိလင်္ကာ ၁၀ဦး၊ အယ်လ်ဂျီးရီးယား ၁ဦးတို့ ပါဝင်သည်။

“မလေးရှား အာဏာပိုင်တွေက သူတို့မှာ စီမံချက်နဲ့ ဖမ်းဆီးတာတွေ ရှိတယ်။ သူတို့ စီမံချက်ထဲမှာ ပြည်နယ်တွေ၊ မြို့နယ်တွေ ပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ သွားလာတာတွေ ဂရုစိုက်ပေးဖို့ လိုပါတယ်။ နောက်ပြီး ဘေးပတ်ဝန်းကျင် တိုင်တဲ့သူတွေရှိတယ်။ ဆူညံလို့ တိုင်တာတွေ၊ ပြီးတော့ မြန်မာနိုင်ငံသားတွေက လမ်းဘေးတွေမှာ ဖြစ်ဖြစ် တိုက်ခန်းတွေမှာ အဆောက်အဦးတွေမှာပဲဖြစ်ဖြစ် စည်းကမ်းမဲ့ ကွမ်း၊ တံတွေး တွေ ထွေးကျတယ်။ အဲ့ဒါတွေ အတိုင်ခံရတာတွေ ရှိတယ်။ အခုအချိန်မှာ အသွားအလာ အနေအထိုင်တွေ ဆင်ခြင်ဖို့ လိုပါတယ်။ စည်းကမ်းနဲ့လည်း နေထိုင်ဖို့ လိုပါတယ်”ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မလေးရှားနိုင်ငံ ဆရင်ဘန်းမြို့မှာ လဝကနှင့် ရဲတပ်ဖွဲ့တို့ ဖမ်းဆီးစဥ် ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦးသည် လမ်းတွင် ရထားအတိုက်ခံရပြီး ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ သေဆုံးခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသားများ နေထိုင်သည့်နေရာနှင့် မြန်မာဆိုင်များကို မလေးရှား လူဝင်မူကြီးကြပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရသူမှာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းနှင့် ထောင်များသို့ ပို့ဆောင်ပေးခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ