ရခိုင်ပြည် ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာအနီးက ဝက်အင်းနဂါးအမည်ရှိ ရွှံ့မီးတောင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃၀ ကြာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခု ပေါက်ကွဲမှုဖြစ်သည့် ရွှံ့မီးတောင်မှာ ကျောက်ဖြူဒေသရှိ ဝက်အင်းနဂါး ရွှံ့မီးတောင် ၄ ခုပါ မီးတောင်အုပ်စုမှ မြောက်ဘက်အစွန်ဆုံး မီးတောင်ဖြစ်သည်။
ရွှံ့ရည်ပူများသည် အမြင့်ပေ ၁၀ ပေခန့်အထိ လွင့်စင်ပေါက်ထွက်ခဲ့ပြီး မီးတောင်ဘေးပတ်လည် ပေ ၃၀၀ ခန့် ရွှံ့ချော်ရည်များ ဖုံးလွှမ်းခဲ့ကြောင်း သိရသည်။
ရွှံ့မီးတောင်ပေါက်ကွဲလျှင် လယ်ယာမြေများ၊ လူ၊ တိရစ္ဆာန်များ ထိခိုက်မှုရှိသော်လည်း ယခု ပေါက်ကွဲခဲ့သည့် ရွှံ့မီးတောင်ကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာအနီးတွင် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စု၊ ပန်းရှည်နဂါးရွှံ့မီးတောင်အုပ်စုနှင့် သပြေတောနဂါးရွှံ့မီးတောင်အုပ်စု ၃ ခုရှိပြီး ပန်းရှည်နဂါးရွှံ့မီးတောင် အုပ်စုနှင့် ဝက်အင်းနဂါးရွှံ့မီးတောင်အုပ်စုတို့မှာ အများဆုံးပေါက်ကွဲလေ့ရှိသည်။
![](https://westernnewsmm.com/posted/2024/10/2-1-39-1024x1024.jpg)
![](https://westernnewsmm.com/posted/2024/10/2-copy-7-1024x1024.jpg)
စိုင်ခြုံကျေးရွာအနီးက ရွှံ့မီးတောင်များအောက် ပင်လယ်ကမ်းစပ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းတည်ရှိသည်။
ရွှံ့မီးတောင်များ၏ အမြင့်များမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀ မီတာမှ ၆၀ မီတာခန့် အထိရှိသည်။
ရွှံ့မီးတောင်သည် မီးတောင်ပေါက်ကွဲရန် ပံ့ပိုးပေးသည့် ကုန်းမြေထုလှုပ်ရှားမှုနှင့် မြေအောက် ဓာတ်ငွေ့များစုစည်းကာ ပေါက်ကွဲထွက်လာမှုတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောဆိုထားကြသည်။
ယခုပေါက်ကွဲခဲ့သည့် ဝက်အင်းနဂါးရွှံ့မီးတောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၆) ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။