Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများအား တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)/ ဓါတ်ပုံ - MOI

(ရွှေ့ပြောင်းခံရသည့် အကျဉ်းသားများထဲ DMG သတင်းထောက်လည်း ပါဝင်)

ရခိုင်ပြည် စစ်တွေ အကျဉ်းထောင်က အကျဉ်းသား ၃၆၆ ဦးကို ရန်ကုန်နှင့် ဧရာဝတီရှိ အကျဉ်းထောင်များသို့ စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၈ ရက်ညတွင် ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံရေးအမှုအပါအဝင် အကြမ်းဖက်အမှုဖြင့် အကျဉ်းကျခံနေရသူများပါဝင်ပြီး အများစုမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ခိုင်လုံသော သတင်းရင်းမြစ်က ” မနေ့က ညက စစ်တွေထောင်က အကျဉ်းသားအားလုံးကို ပြောင်းရွှေ့တယ်။ အရေအတွက်က ၃၆၆ ဦးလို့ သိထားတယ်။ အဲဒီအထဲမှာ ဗျိုင်းဖြူရွာသား ၂၀၀ ကျော်ပါတယ်။ ဒီထက်လည်း ပိုကောင်းပိုနိုင်တယ်။ အကျဉ်းထောင်က စစ်တွေ ကိုးရီးယားဆိပ်ကမ်းသို့ ချတယ်။ အဲဒီမှာ စစ်သင်္ဘော ၃ စီးရှိတယ်။ အဲဒီစစ်သင်္ဘောတွေနဲ့ ရန်ကုန်နဲ့ ဧရာဝတီ အကျဉ်းထောင်တွေကို ပို့မယ်လို့ သိထားတယ်။ ” ဟု ပြောသည်။

အကျဉ်းသားများကို အချုပ်ကားများဖြင့် ပြောင်းရွှေ့နေချိန်အတွင်း စစ်တွေအကျဉ်းထောင် ပတ်ပတ်လည်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားကို လုံခြုံရေးချထားခဲ့သလို ကင်းလှည့်ဒရုန်း၊ လက်နက်ပါသော ဒရုန်း ၁၀ စီးထက်မနည်းဖြင့် ပတ်ပတ်လည်ဝဲပျံကာ ကင်းလှည့်ပေးခဲ့ကြောင်း စစ်တွေဒေသခံများက ဆိုသည်။

စစ်တွေဒေသခံတစ်ဦးက ” ထောင်ကျပြီးသား အကျဉ်းသားအားလုံးပါတယ်လို့ သိရတယ်။ တရားရင်ဆိုင်နေရတဲ့ အကျဉ်းသားတွေတော့ မပါဘူး။ ခေါ်ယူသွားတဲ့ အကျဉ်းသားတွေကို ရန်ကုန်က အင်းစိန်ထောင်နဲ့ သာယာဝတီထောင်၊ ဧရာဝတီက ပုသိမ်ထောင်တွေကို ပြောင်းမယ်လို့ စစ်တွေအကျဉ်းထောင်အတွင်း သတင်းထွက်ခဲ့တယ်။ ဘာလို့ပြောင်းရွှေ့တာလည်း အတိအကျ မသိရဘူး။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေထောင်က အကျဉ်းသားများအား မပြောင်းရွှေ့မီ နှစ်ရက်အလိုကတည်းက ကိုးရီးယားဆိပ်ကမ်းတွင် စစ်သင်္ဘော ၂ စီးကို ရပ်နားထားခဲ့ကြောင်းနှင့် ယမန်နေ့ ည ၁၂ နာရီခန့်တွင် စစ်သင်္ဘော ၃ စီးဖြင့် ခေါ်ယူသွားပြီဖြစ်သည်။

စစ်ကောင်စီ ခေါ်ယူသွားသည့် အကျဉ်းသားများထဲတွင် အကြမ်းဖက်မှုပုဒ်မဖြင့် ထောင်ကျနေသည့် ရခိုင်အခြေစိုက် မီဒီယာ DMG သတင်းဌာနက သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်အောင်တို့လည်း ပါသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိသားစုဝင်တစ်ဦးက ” စစ်တွေထောင်က ၁၇(၁) အပါအဝင် နိုင်ငံရေးအမှုနဲ့ကျနေတဲ့ အကျဉ်းသားအားလုံးကို မနေ့က ည ၁၁ နာရီက ခြေကျင်းခတ်ပြီး ခေါ်ထုတ်သွားတယ်။ DMG သတင်းထောက် ကိုထက်အောင်နဲ့ DMG ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် ကျနော့် ယောက်ဖလည်း ပါသွားတယ်။ ” ဟု ပြောသည်။

စစ်တွေအကျဉ်းထောင်က အကျဉ်းသားများကို စစ်ကောင်စီ ပြောင်းရွှေ့ခြင်းမှာ စစ်တွေမြို့ရှိ တပ်ရင်းများ၊ ဌာနချုပ်များကို AA က ဝင်တိုက်လာလျှင် အကျဉ်းထောင်အား အကာအကွယ်ယူ ခုခံရေးအတွက်ဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုကြသည်။

စစ်တွေမြို့က စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များအားလုံးကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး ကြိုကြားတိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ နှစ်ဖက်စစ်ရေးမှာ တင်းမားလျှက်ရှိနေသည်။

အာဏာသိမ်း စစ်ကောင်စီက စစ်တွေမြို့အတွင်း အပြစ်မဲ့အရပ်သားပြည်သူများကို AA နှင့် ဆက်စပ်ခြင်း၊ ထောက်ပံ့ခြင်းများရှိသည်ဟုဆိုကာ နေ့စဉ်နှင့်အမျှဖမ်းဆီးနေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ