Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်တွေမြို့၊ ဝင်္ကဘာကွင်း၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့တွင် ဘုရားဖူးလာရောက်သူ၊ ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားနေသည့် မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခွဲခန့်အချိန် (တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့) တွင် တွေ့ရစဉ်။

ရခိုင်ပြည်တွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေးဖြစ်သည့် ပျော်ပွဲရွှင်ပွဲများ၊ ကားများဖြင့် စီတန်းလှည့်လည်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း စသဖြင့် မပြုလုပ်ကြရန် ULA/AA ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရသည်။

ULA/AA ၏ နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးမှူးရုံးမှ ရခိုင်ပြည်သူများအား အောက်တိုဘာလ ၇ ရက်နေ့က ထပ်ဆင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

AA ၏ ထုတ်ပြန်ချက်တွင် တစ်ရွာနှင့်တစ်ရွာ/မြို့ထက်တွင် ဆောင်းဘောက်စ်များဖွင့်လှစ်ပြီး အလူအများအပြား တင်ဆောင်ကာ သွားလာခြင်း၊ ဇာတ်သဘင်၊ စတိတ်ရှိုး၊ အလှူအတန်းပွဲများ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဆူညံ့ခြင်း စသဖြင့် မပြုလုပ်ရဟု အသိပေး ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားချက်များအား ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေသည့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိကိုယ်တိုင် တသွေမတိမ်း လိုက်နာရန်နှင့် ပြည်သူများကိုလည်း အကျိုးသင့်အကြောင်းသင့် ထပ်ဆင့် ရှင်းလင်းခြင်း၊ မေတ္တာရပ်ခံကာ စည်းကမ်းချက်များအား လေးစားလိုက်နာရေး ဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။

ULA/AA က ယင်းကဲ့သို့ စည်းကမ်းသတ်မှတ် ထုတ်ပြန်ရခြင်းမှာ အာဏာသိမ်း စစ်ကောင်စီက လူစုလူဝေးများနေရာများနှင့် မြို့ရွာများကို နေ့စဉ်နှင့်အမျှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း ရခိုင်ပြည်သူများအနေဖြင့် ULA/AA ၏ ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာကြရန် တိုက်တွန်းထားသည်။

” စစ်ကောင်စီအနေနဲ့ မြို့တွေကို စွန့်လွှတ်ရ နောက်ပိုင်းမှာ နေ့တိုင်းလိုလို ရွာတွေကို ဗုံးကြဲတယ်။ လူစုလူဝေးတွေ၊ ဈေးတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ လေကြောင်းဗုံးကြဲတာကို ကျနော်တို့ နေ့တိုင်းခံနေရတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်က ကာကွယ်ဖို့ ထုတ်ပြန်တာလို့ နားလည်ပါတယ်။ မဟုတ်ဘူးဆိုရင် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ၊ ဒဏ်ရာရတာတွေ ဖြစ်လာနိုင်တယ်။ ကြွက်မနိုင် ကျီကိုမီးရှို့ ဆိုသလို စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပြုနေတယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ ULA/AA ရဲ့ ထုတ်ပြန်ချက်ကို အပြုသဘောနဲ့ ကြိုဆိုရမယ်။ ကြေညာချက်အပေါ်မှာလည်း ပြည်သူတွေအနေနဲ့ လိုက်နာကြဖို့ အားလုံးတိုက်တွန်း အကြံပေးချင်ပါတယ်။ ” ဟု ပြောသည်။

ပြည်သူများအနေဖြင့် ရပ်ရွာများ၊ မြို့များတွင် မနေရဲစေရန်၊ မြို့ရွာများ ပြိုကွဲသွားစေရန်၊ ပြည်သူအားလုံး ကစဉ့်ကလျားဖြစ်သွားစေရန် တနည်းအားဖြင့် ULA/AA အုပ်ချုပ်၍ မရရှိစေရန်နှင့် ULA/AA နှင့် ပြည်သူကြား သွေးခွဲရန်တိုက်သည့်အနေဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဦးဖေသန်းက ဆိုသည်။

ကျောက်တော်ဒေသ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ULA/AA အစိုးရ၏ ညွှန်ကြားချက်များကို ကြိုဆိုထောက်ခံပြီး ပြည်သူများအားလုံး လိုက်နာရမည်ဟု တောင်းဆိုထားသည်။

” ကျနော်က ပြည်သူတွေကို တောင်းဆိုချင်တာပါ။ ကျနော်တို့ ရခိုင်လူမျိုးတွေက ဒီလို သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင် ပွဲလင်သဘင် တအားလုပ်ကြတာ။ အလှူအတန်းပွဲတွေ၊ ဇာတ်ပွဲတွေ၊ ကာရာအိုကေ သီချင်းဆိုပွဲတွေ လုပ်ပြီး အရမ်းပျော်ကြတာ။ ဒါပေမယ့် ဒီကာလမှာတော့ ရှောင်ရှားသင့်တယ်။ မလုပ်သင့်ဘူး။ ဒီအချိန်မှာ လူစုလူဝေး လုံးဝ မလုပ်သင့်ဘူး။ စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ် ရခိုင်တပြည်နယ်လုံး ဗုံးပတ်ကြဲနေတာ။ အားလုံး သေကုန်ကြပါမယ်။ ဒါ့ကြောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့ ULA/AA ရဲ့ ညွှန်ကြားချက်တွေကို အထူးအလေးနက်ထား လိုက်နာကြဖို့ တောင်းဆိုချင်ပါတယ်။ ” ဟု ပြောသည်။

သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလအတွင်း လူစုလူဝေး အနည်းဆုံးဖြင့် အသိ၊ သတိထား နေထိုင်ဖြတ်သန်းကြရန်နှင့် မလိုလားအပ်သည့် အစုလိုက်အပြုံလိုက် အသက်သေဆုံးမှုများ မဖြစ်စေရေးအတွက် ကာကွယ်တားဆီးနိုင်ရန် ညွှန်ကြားထုတ်လိုက်ရခြင်းဖြစ်ကြောင်း ULA/AA က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ