Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - AA အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာသော ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၅ ဦး။ (ဓါတ်ပုံ - The Daily Star)

ရခိုင်ပြည် မောင်တောဒေသကို နတ်မြစ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးမှာ ငါးဖမ်းစက်လှေနှင့်အတူ အောက်တိုဘာလ ၇ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရခိုင်ပိုင်နက် ဝင်ရောက်လာ၍ AA က ဖမ်းဆီးပြီး ပြန်လွှဲပြောင်းပေးခဲ့ကြောင်း The Daily Star က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီး မော်ဟီးအူးဒိန်က “ကျွန်တော်တို့ တက္ကနာမြို့နယ် ဆားပြင်ကျေးရွာမှ တံငါသည်ငါးဦးပါ စက်လှေတစ်စီး ပုံမှန်ငါးဖမ်းနေတဲ့အချိန် စက်ချွတ်ယွင်းသွားတဲ့အတွက် မြန်မာ့ရေပိုင်နက်ထဲ ရောက်သွားတယ်ပေါ့နော် အဲမှာ Arakan Army တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားကြောင်း မိသားစုတွေကတဆင့် သိရပါတယ်” ဟု ပြောသည်။

အဆိုပါ စက်လှေသမား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦး ပြန်လွတ်မြောက်နိုင်ရေး AA က တာဝန်ရှိသူများဖြင့် ဆွေးနွေးညှိနှိုင်းပြီးနောက် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြန်လည်ခေါ်နိုင်ယူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုထားသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီ (မြန်မာစစ်တပ်) ၏ နယ်ခြားစောင့်တပ် မရှိတော့သည့်အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အနေဖြင့် မည်ကဲ့သို့ ဆက်သွယ်ပြီး စက်လှေသမားများကို ကယ်ထုတ်ခဲ့ပါသလဲဟု သတင်းထောက်များက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို မေးမြန်းခဲ့ကြသည်။

ဒုဗိုလ်မှူးကြီး မော်ဟီးအူးဒိန်က “မြန်မာဘက်မှာ စကစ နယ်ခြားစောင့်တပ်ဖြစ်ဖြစ် Arakan Army (AA) ဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံသားတွေအတွက် တရားမျှတမှု နိုင်ငံအကျိုးစီးပွားအတွက် ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်သွယ်မှာပဲ ဒါကျွန်တော်တို့ နယ်ခြားစောင့်တပ်ရဲ့ နိုင်ငံတော်က ပေးတဲ့တာဝန်ပါပဲ” ဟု ဆက်ပြောခဲ့သည်။

AA အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို မိသားစုဝင်များက နွေးထွေးစွာ ကြိုဆိုကြပြီး AA က မြန်မာစစ်တပ်ကဲ့သို့ မဟုတ်ကြောင်း ဖခင်ဖြစ်သူတစ်ဦးက ထောက်ပြသည်။

ဖခင်ဖြစ်သူတစ်ဦးက “ကျွန်တော်တို့ နယ်စပ်မြို့သားတွေ ငါးဖမ်းပြီးရှာစားတာ နှစ်နိုင်ငံဆိုတော့ စက်ချွတ်ယွင်းတာတွေ အမြဲဖြစ်နေကျပါ။ ဒါပေမဲ့ Arakan Army (AA) မရှိခင် ဒီမြန်မာ စစ်သားတွေ လက်ထက်က ဖမ်းသွားရင် ပြန်မလွတ်ဘူး။ သတင်းမရတော့ဘူး။ ဟိုအရင်က နေ့ချင်းပြန် ပါစ့်ပို့နဲ့ မောင်တောမြို့ကိုသွားပြီး ရှာကြပါတယ်။ ထောင်ချထားတယ်ဆိုတာပဲ သိရပါတယ်။ အခုလို မနေ့က ဖမ်း ဒီနေ့ လွတ်တာ ကျွန်တော့ တသက် မျက်မြင်ပါပဲ” ဟု ဆိုသည်။

လူ့အခွင့်အရေးအဖွဲ့များ အပါအဝင် သတင်းထောက်များက AA ၏ လုပ်ရပ်အပေါ် လူသားဆန်မှုအဖြစ် ရှုမြင်ကြပြီး နယ်စပ်တွင် ဖြစ်နေကျ ပြဿနာများကို ပြေပြေလည်လည် ညှိနှိုင်းနိုင်ကြောင်းနှင့် နယ်စပ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာရေး လမ်းစအဖြစ်လည်း ရှုမြင်ကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ