Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - သံတွဲမြို့နယ်အတွင်းက စစ်ရှောင်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ က တွေ့ရစဉ်။ (ဓါတ်ပုံ - ဝေဟင်အောင်)

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည် ဂွမြို့နယ်တွင် စားသောက်ကုန်စည်နှင့် ဆေးဝါးများ ပြတ်လပ်လျှက်ရှိနေကြောင်း ဂွဒေသခံများက ပြောသည်။

ဂွမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လပိုင်းလောက်စ၍ ကုန်စည်သယ်ယူခွင့်များကန့်သတ်ခဲ့ပြီးနောက် လက်ရှိတွင် စားကုန်နှင့် ဆေးဝါးများဝယ်ယူ၍မရတော့သည်အထိ ပြတ်လပ်နေပြီဟု အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ဂွမြို့ခံတစ်ဦးက ပြောသည်။

“ပြတ်နေတာက လွန်ခဲ့တဲ့ ၂ လလောက် ကတည်းကပါ။ အခုကတော့ လုံးဝနီးနီးပြတ်သွားတာပေါ့။ ဘယ်လောက်စျေးရှိတယ်လို့တောင် မဟုတ်ဘူး။ တချို့ကုန်တွေက ဝယ်လို့ကို မရတော့တာပါ” ဟုပြောသည်။

ကုန်စည်ပြတ်လပ်မှုထဲတွင် အဓိကအနေဖြင့် ဆန်နှင့် ဆေးဝါးပြတ်လပ်ခြင်းဖြစ်ပြီး ဒေသခံများမှာ များစွာအခက်ကြုံလျှက်ရှိနေကြရကြောင်း ဂွဒေသခံများကဆိုသည်။

“ဆန်နဲ့ ဆေး က ဝယ်ဝယ်လို့ကို မရတော့တာ။ ဧရာဝတီဘက် အသွားအလာ ပိတ်လိုက်တော့ ဆန်ကအစ ရှာမရတော့ဘူး။ အခု ဂွကနေ လူကိုယ်တိုင် ထွက်သွားမယ်ဆိုရင်လည်း ထွက်လို့မရတော့ မြို့ထဲမှာပဲ ရိက္ခာပြတ်၊ ဆေးဝါးပြတ်နဲ့ အရမ်းအခက်ခဲဖြစ်နေကြရတယ်” ဟု ပြောသည်။

ဂွမြို့နယ်မှာ ဆန်အပါအဝင် စားသောက်ကုန်၊ လူသုံးကုန်များအားလုံးအတွက် ဧရာဝတီတိုင်းကို အဓိက အားထားနေကြရခြင်းဖြစ်ပြီး ဧရာဝတီနှင့် ဂွမြို့ဆက်သွယ်သည့် ကုန်စည်လမ်းကို စစ်ကောင်စီမှ ပိတ်ဆို့လိုက်ရာ ယခုကဲ့သို့ ကုန်စည်ပြတ်လပ်မှုများ ကြုံလာရခြင်းဖြစ်သည်။

ဂွဒေသ လက်ရှိအခြေနေမှာလည်း ကျိန္တလီမြို့အနီးအနားနှင့် ကုလားပြင်ကျေးရွာဒေသအနီးအနားတို့တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ကုလားပြင်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးထားသည်။

တိုက်ပွဲများမှာ ဂွမြို့အနီးသို့ ရောက်ရှိလာနေပြီး စစ်ကောင်စီဖက်က ဂွမြို့အဝင်အထွက်ဖြစ်သည့် မကျဉ်းမြိုင်တံတားနှင့် ရခိုင်ရိုးမတို့တွင် တပ်စွဲပိတ်ဆို့ထားကြောင်း စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ