Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပလက်ဝ-ကျောက်တော် ကုန်သွယ်ရင်း လမ်းတွင် ဓါးမြတ်တိုက် သတ်ဖြတ်ခံရသည့် ကုန်သည်မိသားစုဝင် ၃ ဦး။ (ဓါတ်ပုံ - Zalen)

(ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းပို့ရင်း ဓါးမြတိုက် ခန္ဓာကိုယ် ပိုင်းဖြတ်သတ်ဖြတ်ခံရ)

ပလက်ဝမြို့နယ် မောင်နှမကျေးရွာက ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှု ယနေ့အချိန်အထိ အမှုမှန် တစ်စုံတစ်ရာ မပေါ်ပေါက်သေးကြောင်း မိသားစုဝင်များက ပြောသည်။

သတ်ဖြတ်ခံရသူများမှာ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ပြီး ခူမီးလူမျိုးများဖြစ်ကြသည်။

မိသားစုဝင်တစ်ဦးက ” အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ Data အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တိုင်ကြားထားပါတယ်။ အခု တစ်လလောက်ရှိလာပြီပေါ့နော်။ အဲအမှုနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာပေါ့နော် ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ခြင်း၊ အရေးယူနိုင်ခြင်းမရှိသေးဘူးပေါ့နော်။ ” ဟု ပြောသည်။

ကုန်သည် မိသားစုဝင် ၃ ဦးမှာ စက်တင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ကုန်ပစ္စည်းများကို ဟွန်ဒါစက်လှေဖြင့် ရခိုင်ပြည် ကျောက်တော်မြို့ကို ပို့ဆောင်စဥ် လမ်းတစ်ဝက်အရောက်မှာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသည့် ရက်ကို အတိအကျမသိရသော်လည်း စက်တင်ဘာလ ၁၇ ရက်၊ ၁၈ ရက်က ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကြားရှိ မွန်ထောင့်ကျေးရွာနှင့် တန့်ဆိပ်ကျေးရွာတို့တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ဓားဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

” ပလက်ဝမြို့နယ်မှာ အရင်က အခုလိုမျိုး ၃ လောင်းပြိုင် အသတ်ခံရတာ၊ လူအသတ်ခံရတာ မရှိဘူးပေါ့နော်။ အခု သတ်ဖြတ်ခံရတာမှာလည်း ရိုးရိုး သတ်ဖြတ်ခံရတာမဟုတ်ဘူး။ လူမဆန်စွာ ဓါးနဲ့ ခုတ်ပြီးမှ ခန္ဓာကိုယ် အပိုင်းပိုင်းအဖြတ်ဖြတ်နဲ့ပေါ့နော်။ ခန္ဓာကိုယ်ပိုင်းဖြတ်ထားတော့ တအားကြီးမှ ဒေသခံတွေက စိုးရိမ်ကြတယ်ပေါ့နော်။ အဲလိုမျိုး အမှုတွေ နောက်ထပ် မဖြစ်အောင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင်ပါတယ်။ အမှုမှန်ပေါက်အောင် မပေါ့ဆဘဲနဲ့ ကိုင်တွယ်ဖြေရှင်းပေးစေချင်ပါတယ်။ နစ်နာသွားတဲ့ မိသားစုဝင်အတွက်လည်း တရားမျှတမှု ရစေချင်ပါတယ်။ ” သတ်ဖြတ်ခံရသူများနှင့် နီးစပ်သူတစ်ဦးက တောင်းဆိုထားသည်။

ပလက်ဝဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

IKACC အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လူထုလုခြုံရေးနှင့် လူမှုဖွံဖြိုးရေးကို အစဥ်တစိုက်ဦးတည်ပြီး ဒေသခံလူထုအပေါ် မည်သည့်အကြောင်းနှင့်မျှ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်နည်းအတူ ယခုဖြစ်စဥ်အပေါ် လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမူရရှိရေးအတွက် ကျူးလွန်သူများကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးနိုင်ရေး နည်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဖြစ်ပြီး ဒေသတွင်းရှိ သက်ဆိုင်ရာပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်၊ အဖွဲ့စည်းအနေဖြင့်လည်း ဝိုင်းဝန်ဆောင်ရွက်ပေးကြရန် IKACC က အလေးနက် တိုက်တွန်းထားသည်။

ပလက်ဝကုန်သည်တစ်ဦးကလည်း ” သူက ဟွန်ဒါစက်လှေနဲ့ ကျောက်တော်ကို ပစ္စည်းပို့ဖို့ သွားကြတာ။ လူလည်း ရက်ရက်စက်စက် အသတ်ခံရတယ်။ ပစ္စည်းတွေကိုလည်း အားလုံး ယူသွားကြတယ်။ လမ်းမှာ အသတ်ခံရတာကြားရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါက ကုန်သည်တွေအတွက် အရမ်းစိုးရိမ်စရာ ဖြစ်သွားတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် လုပ်ပေးစေချင်ပါတယ်။ သတ်ဖြတ်ခံရသူတွေအတွက်လည်း တရားမျှတမှု လိုချင်ပါတယ်။ အမှုမှန် အမြန်ဆုံးပေါ်ပေါက်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိသေးပေ။

ပလက်ဝဒေသနှင့် ကျောက်တော်ဒေသသည် AA ၏ ထိန်းချုပ် စိုးမိုးသော နယ်မြေဖြစ်ပြီး ရခိုင်မြောက်ပိုင်းဒေသကို အိန္ဒိယက ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ ပလက်ဝမြို့မှတစ်ဆင့် ဖြန့်ဝေပေးနေခြင်းဖြစ်သည်။

ကုန်သည်အများအပြားမှာ အိန္ဒိယက ကုန်ပစ္စည်းများ သယ်ယူပြီး ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်တစ်လျှောက် သွားလာ ကုန်သွယ်နေကြခြင်းဖြစ်ပြီး ပစ္စည်းလု ဓါးမြတိုက် သတ်ဖြတ်မှုများရှိနေခြင်းသည် ကုန်သည်များအတွက် အလွန်စိုးရိမ်စရာဖြစ်သည်ဟု ကုန်သည်များက ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ