ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ကျော်သူဝင်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက်ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း Golden Valley Warriors တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
“ကျော်သူဝင်းနဲ့ ကိုယ်ရေးအရာရှိ ထိတယ်။ ဆေးရုံရောက်တယ်။ အဲဒါပဲ အ တည် ပြုလို့ရသေးတယ်။ သေ၊ မသေ မသိရသေးဘူး” ဟု က ရှင်းပြသည်။
လှိုင်သာယာမြို့ခံလည်းဖြစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်လည်းဖြစ်သူ ကျော်သူဝင်းသည် မဝင်မနေရ စစ်မှုထမ်းစနစ်အတွက် လှိုင်သာယာမြို့နယ်မှ လူငယ် ၈၀၀ ကျော် ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ခဲ့ကြောင်း Golden Valley Warriors တပ်ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။


ရရှိ ထား သောအချက်အလက်အများအရ လှိုင်သာယာသည် ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းအများဆုံး ထုတ်ပေးသည့် မြို့နယ်အဖြစ်ထိပ်ဆုံးမှ ရပ်တည်နေပြီး အဆိုပါဖြစ်စဉ် အတွက်အဓိက အဆုံးအဖြတ်ကို လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က ဆုံးဖြတ်အတည်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကျော်သူဝင်း (ခေါ်) ရွှေမန်းသည် ယခုနှစ်တွင်မှ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာခဲ့ပြီး ၎င်း၏ စီးပွါးရေးအင်ပါယာကိုပါချဲ့ထွင်နိုင်ခဲ့ကြောင်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ Convenient store များ နှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများဖြင့် တဟုန်ထိုးကြီးပွားချမ်းသာလာကြောင်း သိရသည်။
၎င်းပိုင်ဆိုင်သည့် ရွှေမန်းအိမ်ခြံမြေလုပ်ငန်းသည် စစ်ဘက်အရာရှိတချို့ပါဝင်ပတ်သက်နေပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးကလည်း ငွေကြေးထည့်ဝင်ထားကြောင်း သိရှိရသည်။
ကျော်သူဝင်း(ခ) ရွှေမန်းသည် လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်း၊ မဝင်မနေရ စစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်များကို အတင်းအဓမ္မစစ်တပ်ထဲသို့ စေလွှတ်ခြင်းခိုင်းစေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
Golden Valley Warriors တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ စစ်တပ်နှင့် ဆက်စပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်များကို စာရင်းပြုစု ထောက်လှမ်းထားပြီး ၎င်းတို့အားလုံးကိုပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။
ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လှိုင်သာယာတစ်မြို့နယ်လုံးကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့နေပြီး ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားများကိုလည်း ယာယီ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေသည်။