Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - တောင်ကိုရီးယားသမ္မတ Yoon Suk Yeol သည် လာအိုနိုင်ငံ ဗီယင်ကျန်း၌ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ်။

မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၂၃ သန်းပေးမည်ဟု တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ထုတ်ဖော်ပြောကြားသည်။

လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ တံခါးပိတ်အစည်းအဝေးတွင် တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန The Korea Herald က အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအရေးသည် အင်ဒို-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်များအတွက် လက်တွေ့စမ်းသပ်မှုတစ်ခုဖြစ်နေသည်။

အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းကြိုးပမ်းမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်း တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့သည်။

ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် တောင်ကိုရီးယားသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ယခင်နှစ်ထက် ၄ ဆ တိုးမြှင့်ရန် စီစဉ်နေကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံအတွက် နှစ်စဉ် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပမာဏသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အင်ဒို-ပစိဖိတ်နိုင်ငံများ၏ ဒီမိုကရေစီမြှင့်တင်ပေးသည့် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုပရောဂျက်များကို “တက်ကြွစွာပံ့ပိုးကူညီရန်” ကတိပြုပြီးနောက် ရက်အနည်းငယ်အကြာတွင် တောင်ကိုရီးယားက ယင်းကဲ့သို့ ထောက်ပံ့မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ က ရုရှားနှင့် မြောက်ကိုရီးယားကြား တရားမဝင်သော စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ယူကရိန်းအတွက် ရှည်လျားသောစစ်ပွဲဖြစ်ပြီး နိုင်ငံတကာစည်းမျဥ်းစည်းကမ်းကို ကာကွယ်ကြရန် တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ အပါအဝင် အဖွဲ့ဝင် ၁၈ နိုင်ငံ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ref: The Korea Herald

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ