(ဝက်သားများကို ရန်ကုန်ကနေ ရေခဲရိုက်ပြီး လေယာဉ်ဖြင့်သယ်ကာ စစ်တွေမှာရောင်းချ)
ရခိုင်ပြည် မြို့တော် စစ်တွေမြို့မှာ ဝက်သား၊ အမဲသား အပါအဝင် ငါးနှင့် ဟင်းသီးဟင်းရွက်များမှာ အဆမတန် ဈေးကြီးနေကြောင်း မြို့ခံများက ပြောသည်။
စစ်တွေမြို့ ကုန်ဈေးနှုန်းမှာ အခြားမြို့များထက် ဈေးမြှင့်တက်နေပြီး ဒေသခံပြည်သူများမှာ တစ်လလျှင် အသားနှင့် တစ်နပ်တောင် မရစားဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။
” ဝက်သား တစ်ပိဿာ ကျပ် ၆ သောင်း၊ အမဲသား တစ်ပိဿာ ကျပ် ၇ သောင်း၊ ငါးသတိုက် (ကကတစ်) တစ်ကွင်း ကျပ် ၁ သောင်း၊ ပဲလုံးသီး ၁၀ လုံးပါ တစ်စည်း ကျပ် ၁ ထောင်၊ ငရုပ်သီး စိမ်း ၆ လုံးပါ တစ်စုကို ကျပ် ၁၅၀၀ လောက် ပေးနေရတော့ ဘယ်လိုလုပ် သားငါးဝယ်စားရဲမလဲ။ ရတဲ့လစာ တစ်လမှာမှ ကျပ် ၂ သိန်းကျော်လောက်ပဲ။ မိသားစုက ၄ ယောက်။ တစ်လမှာ အသားနဲ့ ထမင်းတစ်နပ်တောင် မစားရဘူး။ ဒီလိုပဲ ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ရုန်းကန်နေတာပါပဲ။ ” ဟု ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် ရိုးရိုးဆန်တစ်အိတ်ကို ကျပ် နှစ်သိန်းဝန်းကျင်ရှိနေ၍ ရသည့်လစာနှင့်ညီမျှနေသောကြောင့် ထမင်းတစ်ခုတည်း စားရသည့် ရက်များစွာရှိကြောင်းလည်း ကျောင်းဆရာမက ဆိုသည်။
အမဲသားနှင့် သားငါးအချို့ကို အနီးအနား မွတ်ဆလင်ကျေးရွာများနှင့် မွတ်ဆလင် ဒုက္ခသည်စခန်းများက လာရောင်းချနေ၍သာ စစ်တွေမြို့ခံများ စားသောက်နေရခြင်းဖြစ်ပြီး သို့သော်လည်း အများစုမှာ သားငါးဖြင့် ထမင်းနပ်မှန် မစားရဟု မကျဉ်းမြိုင်ရပ်ကွက် အမျိုးသမီးတစ်ဦးက ပြောသည်။
” သဲချောင်း၊ ဒါးပိုင်၊ ဘုမေ စတဲ့ ကျေးရွာတွေက မွတ်ဆလင်တွေ သားငါးတချို့ လာရောင်းနေလို့သာ ပိုက်ဆံရှိတဲ့သူတွေက ဝယ်စားလို့ ရနေသေးတယ်။ မဟုတ်ဘူးဆိုရင် သားငါး ငတ်နေကြပြီ။ ဆင်းရဲတဲ့သူတွေက ငတ်ပြီပေါ့။ ထမင်းတစ်ခုတည်း စားရမှာပေါ့။ ဝက်သားဆိုရင် ရန်ကုန်ဘက်က ရေခဲရိုက်ပြီး လေယာဉ်နဲ့ သယ်ယူပြီး စစ်တွေမြို့ထဲမှာ ရောင်းကြတယ်။ အခြေအနေတွေက တော်တော်လေးကို ဆိုးနေပါပြီ။ ကြက်သားဆိုရင် မေးတောင်မမေးရဲဘူး။ ” ဟု ပြောသည်။
ဒေသထွက် ကြက် (အိမ်ကြက်) တစ်ပိဿာကျ တစ်ကောင်စီကို ကျပ် ၈ သောင်းကျော်ပေးရသည့်အတွက် ကိုယ်တိုင်မွေးထားမှ ကြက်သားဟင်းစားနိုင်ပြီး အခြားသူများပါက ဝယ်စားလျှင် ဈေးအလွန်ကြီး၍ ကြက်သားဟင်း မစားနိုင်ကြကြောင်း ပြောသည်။
အခြားသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ကြက်သွန် ဖြူ/နီ၊ ဂျင်း၊ ငရုပ်သီးခြောက်၊ နို့ဆီ၊ ကော်ဖီမစ်နှင့် လစဉ်သုံးပစ္စည်းများအပါအဝင် တကိုယ်ရည်သုံးပစ္စည်းများမှာ စစ်ကောင်စီ၏ ရန်ကုန်သင်္ဘောဝင်မှ စားသုံးရကြောင်း စစ်တွေမြို့ခံများက ဆိုသည်။
စစ်တွေမြို့နည်းတူ အခြားသော မြို့နယ်များတွင်လည်း ဆန် အပါအဝင် အခြေခံစားသောက်ကုန်များနှင့် သားငါးများမှာ ဈေးအလွန်မြင့်တက်နေကြောင်း စုံစမ်းသိရသည်။