Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA) ကို တန်ဖိုးထားပြီး အသုံးပြုစေချင်ကြောင်း ရခိုင့်နိုင်ငံရေးထဲက နှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဒေါ်စောမြရာဇာလင်းက ပြောသည်။

နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ၎င်းတို့က ပြောဆိုခဲ့ခြင်းဖြစ်သည်။

NCA ကို လွယ်လွယ်ကူကူနှင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ စိတ်မောကိုယ်မော အတိုက်အခံများဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး NCA ရအောင် ကြိုးပမ်းခဲ့ခြင်းမှာ မြန်မာ့သမိုင်းတွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခုဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်းက ပြောသည်။

“စစ်ကို စစ်နဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းနဲ့ဖြေရှင်းဖို့ စဉ်းစားတာက ဒီစာချုပ်ကြီးဖြစ်ပေါ်လာဖို့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က NCA ကို တန်ဖိုးထားတယ်။ NCA မှာ အားလုံး ပြည့်စုံသလားလို့မေးရင် မပြည့်စုံတာတွေရှိမှာပါ။ ပြည့်စုံမှုရှိအောင် ပြန်လုပ်လိုတဲ့ ဆန္ဒနဲ့သတ္တိရှိဖို့ အရေးကြီးတယ်” ဟု ဆိုသည်။

NCA ကို လက်မှတ်ရေးထိုးထားကြသည့် ပုဂ္ဂိုလ်များက NCA ပျက်စီးသွားပြီ၊ အသုံးမပြုတော့ဟု ပြောသမျှ ကာလပတ်လုံး NCA က ဆက်လက်ရှိနေဦးမည်ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌလည်းဖြစ် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြည်တွင်းစစ်ရပ်ရန်နှင့် အပစ်အခတ်ရပ်တန့်ရေးမှာ NCA သည် ပထမ ခြေလှမ်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“အခြေခံအားဖြင့် NCA သည် ပြည်တွင်းစစ်ကိုရပ်ဖို့ ကနဦးခြေလှမ်းဖြစ်တယ်။ ဘာကြောင့် ပြည်တွင်းစစ်ဖြစ်သလဲဆိုတဲ့ နိုင်ငံရေးဇာစ်မြစ်ကို မရှာဖွေမဖြေရှင်းနိုင်သမျှ ပစ်ခတ်မှုတွေက ဖြစ်နေဦးမှာပဲ။ ဖြစ်တာကိုရပ်ဖို့ ကြိုးစားနေရဦးမှာပဲ။ ဒီတော့ NCA ကို အနှစ်သာရရှိရှိ ပထမခြေလှမ်းအဖြစ် ချဉ်းကပ်တာသည်မှန်တယ်။ တကယ်လို့ NCA မှာ အားလုံးပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ ရည်မှန်းချက် မပြည့်စုံသေးဘူးဆိုရင် အားလုံးပါဝင်နိုင်အောင် ကျွန်တော်တို့ ဘယ်လိုဆွဲဆောင်စည်းရုံးကြမှာလဲ” ဟု ပြောသည်။

လက်နက်ကိုင်သည်ဆိုသည့် ရည်ရွယ်ချက်က နိုင်ငံရေးအနှစ်သာရမရ၍ လက်နက်ကိုင်ခြင်းဖြစ်ပြီး အခြေခံမူဆိုင်ရာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ ကိုယ်ပိုင်အုပ်ချုပ်ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ပြည့်ပြည့်ဝဝပါသော အခြေခံဥပဒေတစ်ရပ် မပေါ်ပေါက်သေးသမျှ ကာလပတ်လုံး လက်နက်ကိုင်နေကြမည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

” NCA နှစ်ပတ်လည်နေ့က ရှေ့သွားမယ့် လမ်းကြောင်းတွေကို မြင်လာမယ်။ ဘယ်လိုချဉ်းကပ်မှာလဲ၊ ချဉ်းကပ်တဲ့အခါမှာ တစ်ဆင့်ချင်းသွားဖို့ လိုတယ်။ ဘာဖြစ်နေသလဲ။ Current Situation ကဘာလဲ။ အခုပေးထားချက် ကဘာလဲ။ NCA စာချုပ် ပေးထားချက်ရှိနေပြီ။ ဒုတိယတစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေးထားချက် ရှိနေပြီ။ ဒီပေးထားချက်တွေကို အခြေပြုပြီး ဘယ်လိုလှမ်းမှာလဲ။ ဒီလိုလှမ်းမှပဲ တစ်ဆင့်ချင်းဖြေရှင်းနိုင်မယ်။ ဒါကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဘက်က အလွန်တရာစဉ်းစားသင့်တဲ့ အချက်ဖြစ်သင့်တယ်” ဟု ဆိုသည်။

သို့သော်လည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် အင်အားကြီး တော်လှန်ရေးလက်နက်ကိုင် KNU နှင့် NUG-PDF တို့က စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက NCA လမ်းကြောင်း ပျက်စီးသွားပြီဟု ထုတ်ပြန်ပြောဆိုထားကြသည်။

ကရင်အမျိုးသားအစည်းအရုံး KNU က NCA ထဲမှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ခုအဖြစ် ရှိနေခဲ့ပြီး မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် NCA ပါကတိကဝတ်များကို စစ်တပ်က ပထမဆုံးချိုးဖောက်ခဲ့၍ NCA ပျက်ပြယ်သွားပြီဟု KNU ခေါင်းဆောင်များက ပြောဆိုခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း NCA အပါအဝင် စစ်ကောင်စီ ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖျက်သိမ်းလိုက်ပြီဟု ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကို မြန်မာပြည်သူလူထုနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ PDF များက လက်ရှိ အစိုးရဟု အသိအမှတ်မပြုထားကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းသာ သတ်မှတ်ထားကြသည်။

စစ်ကောင်စီသည် ၂၀၂၄ သန်းခေါင်စာရင်းကို အသုံးပြုပြီး အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေပြီး စစ်မှန်သော ရွေးကောက်ပွဲမဟုတ်ဟုဆိုကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒီမိုကရေစီအင်အားစုများက ဆန့်ကျင်ကန့်ကွက်နေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ