Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် စစ်တွေမြို့လေဆိပ်အားတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်/ဓါတ်ပုံ-MOI)

ရခိုင်ပြည် စစ်တွေမြို့ လေဆိပ်တွင် ရန်ကုန်ပြန် ခရီးသည်များကို စစ်ဆေးမှု တင်းကျပ်လျှက်ရှိကြောင်း စစ်တွေလာသည့် ခရီးသည်များက ပြောသည်။

ခရီးသည်တစ်ဦးကို ၂ နာရီကြာအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေပြီး မသင်္ကာသူများကို ၃ နာရီကနေ ၅ နာရီအထိ စစ်ဆေးကြောင်း ယခုရက်ပိုင်းအတွင်း စစ်တွေပြန်လာသည့် ဒေသခံ ခရီးသည်တစ်ဦးက ပြောသည်။

” အဓိကတော့ ဘယ်ကပြန်လာတာလဲ။ နိုင်ငံခြားကလား၊ ပြည်တွင်း တစ်နေရာကလား။ ပြီးတော့ ဒီကို ဘာလာလုပ်တာလဲ။ ဘယ်ကိုသွားမှာလဲ နေရပ်လိပ်စာ အသေးစိတ်ကို မေးတယ်။ ပြစ်မှုမှတ်တမ်းရှိလားကအစ မေးတာ။ မိသားစု ဘတ်ကြောင်းတွေရော မေးတယ်။ မှတ်ပုံတင်တွေကို စစ်တယ်။ အတုလား၊ အစစ်လားပေါ့။ အိတ်တွေ စစ်တယ်။ မသင်္ကာစရာတွေ့တာနဲ့ အစုံမေးတော့တာပဲ။ စစ်တာက လဝက အဖွဲ့က ဦးဆောင်တယ်။ ဘေးနားမှာ ရဲတွေ၊ စစ်သားတွေ အရာရှိတွေရှိတယ်။ လိုအပ်ရင် သူတို့ကပါ မေးတာ။ ” ဟု ပြောသည်။

စစ်တွေပြန်လာသည့် ခရီးသည်များကိုသာ အဓိက စစ်ဆေးပြီး စစ်တွေကနေ ရန်ကုန်ကိုသွားသည့် ခရီးသည်များကို စစ်ဆေးမှု နည်းကြောင်းနှင့် ရန်ကုန်ဘက်ခြမ်းမှာ အဓိက စစ်ဆေးကြောင်းလည်း နောက်ထပ် ခရီးသည်တစ်ဦးက ပြောသည်။

” စစ်တွေကနေ ရန်ကုန်သွားမယ်ဆို စစ်တွေဘက်ခြမ်းမှာ သိပ်မစစ်ဆေးဘူးတော့ဘူး။ အရင် ပြီးခဲ့တဲ့ ၂ လလောက်ကတော့ အစစ်အဆေးများခဲ့တယ်။ အခုတော့ နည်းသွားတယ်။ ရပ်ကွက်ထောက်ခံချက်ပါရင် မှတ်ပုံတင်လည်း မှန်နေရင်တော့ သိပ်ပြဿနာမရှိတော့ဘူး။ လဝက ကတော့ မေးတာပေါ့။ ရန်ကုန် ဘယ်ကိုသွားမှာလဲ ဘယ်မှာနေလဲပေါ့ ဒီလောက်ပါပဲ။ အဝင် ခရီးသည်တွေကိုသာ အဓိက စစ်ဆေးတယ်လို့ ပြောကြတယ်။ ” ဟု ဆိုသည်။

ယခုနှစ် ၂၀၂၄ ဖေဖော်ဝါရီလကနေ ဧပြီလအတွင်းအထိ စစ်တွေလေဆိပ်တွင် အဝင်ရော၊ အထွက်ပါ စစ်ဆေးမှု တင်းကျပ်ခဲ့ပြီး ရန်ကုန်ပြန် ခရီးသည် ၆၀၀ ခန့်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လှောင်ပိတ် စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။

ယင်းအထဲက လူငယ်အချို့မှာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရခဲ့ရပြီး ကလေးပါသည့် အမျိုးသမီးအချို့နှင် သက်ကြီးပိုင်းအချို့သာ ချက်ချင်းပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း လေဆိပ် ၅ ခုရှိသည့်အနက် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်းက လေဆိပ်တို့မှာ ရန်ကုန်မြို့နှင့်တိုက်ရိုက်သွားလာရသည့် လေဆိပ်ဖြစ်ပြီး မာန်အောင်လေဆိပ်က ရခိုင်ပြည်အတွင်း သွားလာသည့် လေဆိပ်ဖြစ်သည်။

သံတွဲလေဆိပ်ကို အာရက္ခတပ်တော် AA သိမ်းပိုက်ထားပြီး ကျန်လေဆိပ်များမှာ စစ်ကောင်စီ လက်အောက်ရှိနေဆဲဖြစ်သည်။

ကျောက်ဖြူလေဆိပ်နှင့် အမ်းလေဆိပ်တို့သည်လည်း စစ်ဆေးမှု အတင်းကျပ်ဆုံးလေဆိပ်ဖြစ်ပြီး အဝင်ရော၊ အထွက်ပါ တင်းကျပ်ကြောင်းနှင့် လေယာဉ်လက်မှတ် ဝယ်ယူရန် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးစီးဌာန အထူးသဖြင့် G1 (မြို့စီမံခန့်ခွဲရေး အကြီးအကဲတစ်ဦး) ထောက်ခံချက်ပါမှ လေယာဉ်စီးခွင့် ရရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့ကတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

” စစ်တွေမြို့က အဝင်လုံးဝ လက်မခံတော့ ကျောက်ဖြူမြို့ကို သွားရတယ်။ ကျောက်ဖြူမြို့ကလည်း အဝင်က အရမ်းကျပ်တော့ ငွေပေးပြီး ဝင်ခဲ့ရတယ်။ ပြီးတော့ လေယာဉ်လက်မှတ် သွားခံတာ။ ထွေ/အုပ်-G1 ထောက်ခံချက်ပါမှ လက်မှတ်ဖြတ်လို့ရမယ်ပြောတယ်။ G1 ထောက်ခံရဖို့က မလွယ်ဘူး အရမ်းအန္တရာယ်များတယ်။ ကိုယ့်ဘက်က အချက်အလက်တွေ မပြည့်စုံရင် မေးတာ မဖြေနိုင်ရင် အဖမ်းခံရနိုင်တယ်။ အဓိက ဆေးထောက်ခံစာပါတဲ့သူ တကယ် ကျန်းမာရေး မကောင်းတဲ့သူမှ ရန်ကုန်ကို သွားခွင့်ပြုတာ။ တချို့ဆို ကျောက်ဖြူမြို့မှာ ရန်ကုန်မသွားရဘဲ လနဲ့ချီ သောင်တင်နေကြတယ်။ ” ဟု ပြောသည်။

ကျောက်ဖြူဒေသခံမဟုတ်သည့် အခြားမြို့နယ်က အရပ်သားများမှာ ကျောက်ဖြူလေဆိပ်က ရန်ကုန်သွားမည်ဆိုပါက အနည်းဆုံး နှစ်ပတ်ခန့် ပွဲစားများဖြင့် G1 ထံသို့ ကြိုတင်စာရင်းပေးထားရကြောင်းနှင့် ကျောက်ဖြူရောက်ရှိပါက G1 ထံသွားပြီး ထောက်ခံချက်ယူကာ လေယာဉ်မှတ် ဝယ်ယူခွင့်ရရှိကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်းက ဒေသခံများမှာ ရန်ကုန်သို့ သွားမည်ဆိုလျှင် ကျောက်ဖြူလေဆိပ်ကတစ်ဆင့် သွားလာနေရပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက တင်းကျပ်စွာ စစ်ဆေးလျှက်ရှိသည့်အပြင် လက်ရှိတွင် အာရက္ခတပ်တော် AA ကပါ ရခိုင်ပြည်သူများအား ပြည်မသို့ ထွက်ခွာခွင့် တင်းကျပ်လျှက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ