Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၆ ရက် နံနက် တစ်နာရီခွဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား ဒေသခံများ ကြည့်ရှုနေကြစဉ်။ (ဓါတ်ပုံ - TNLA)

၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၄ အောက်တိုဘာ ၆ ရက်နေ့အထိ မြန်မာစစ်တပ် (စစ်ကောင်စီ) က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၇,၁၈၆ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်း ISP မြန်မာက “ဘေးနှစ်သွယ်အမြွှာဆင့်ချိန်” အစီရင်ခံစာတွင် ရေးသားထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်ခံရမှုများ၏ ၅၄ ရာခိုင်နှုန်းနီးပါး (၃,၈၆၄ ကြိမ်ထက်မနည်း) သည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တစ်နှစ်နီးပါးကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ISP က ဆိုသည်။

တိုင်းနှင့်ပြည်နယ်များအနက် ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှု ၂၃ ရာခိုင်နှုန်းနီးပါး (၁,၆၂၅ ကြိမ်ထက်မနည်း) အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၁၅၆ မြို့နယ်ထက်မနည်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ကြုံခဲ့ရပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ၇၀၃ ကြိမ်ထက်မနည်းရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၅၀ ကျော်ရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သုံးလတာကာလကို ကြည့်လျှင် ဇူလိုင်လမှာ ၇၁ ကြိမ်၊ ဩဂုတ်လတွင် ၂၂၉ ကြိမ်နှင့် စက်တင်ဘာလတွင် ၁၅၂ ကြိမ်ရှိခဲ့ပြီး အကြိမ်ရေအရ မများဟု ဆိုသော်လည်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ပမာဏက များပြားကြောင်း ISP က ထုတ်ပြန်သည်။

စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် တရုတ်နယ်စပ် နမ့်ခမ်းနှင့် ကရင်နီပြည်နယ်အတွင်း ဖယ်ခုံမြို့များကို တိုက်ခိုက်ခဲ့သည့်နှစ်ခုတွင် ကျောင်းများနှင့် စစ်ပြေးဒုက္ခသည်စခန်းချရာများ ပါဝင်ခဲ့ပြီး ကလေးသူငယ်နှင့် အရပ်သား ၂၁ ဦး ဝန်းကျင် သေဆုံးခဲ့ရကြောင်း ISP က ဆိုသည်။
ရခိုင်ပြည် ဘူးသီးတောင်က AA တပ်ဖွဲ့ သိမ်းပိုက်ထားသည့် အကျဉ်းသားထိန်းသိမ်းရေးစခန်းတစ်ခုကို စစ်ကောင်စီက တိုက်ခိုက်ခဲ့ရာမှာ AA ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအပါအဝင် ၅၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ အချက်အလက်များမှာ အချက်အလက်စုဆောင်းမှုစနစ်နှင့်အညီ စုဆောင်းထားသော အချက်အလက်များဖြစ်ပြီး အခြားသော လွတ်လပ်သည့်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များဖြင့်လည်း တိုက်ဆိုင်စစ်ဆေးထားကာ အကန့်အသတ်အချို့ကြောင့် မြေပြင်အခြေနေတွင် အနည်းငယ်ကွဲလွဲနိုင်ကြောင်းလည်း ISP က ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လမှ ဩဂုတ်လအထိ ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးသူ ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် အနည်းဆုံး ၇ ဦးအထိရှိပြီး စုစုပေါင်းသေဆုံးသူ ၄၅၅ ဦးအထိရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဉာဏ်လင်းသစ်အဖွဲ့ အချက်အလက်အရ ၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အများဆုံးဒေသမှာ ရခိုင်တွင် ၁၇၆ ခု၊ ရှမ်းမြောက်တွင် ၁၅၁ ခု၊ မန္တလေးတွင် ၁၃၂ ခု၊ ကချင်တွင် ၁၀၉ ခု၊ စစ်ကိုင်းတွင် ၇၁ ခု၊ မကွေးတွင် ၄၅ ခု၊ တနင်္သာရီနှင့် ချင်းတွင် ၃၉ ခု အသီးသီးရှိခဲ့ကြောင်း ဆိုသည်။

ထို့အပြင် ကရင်တွင် ၂၉ ခု၊ ပဲခူးတွင် ၉ ခု၊ ကရင်နီတွင် ၈ ခု၊ မွန်နှင့် ရှမ်းတောင် တွင် ၆ ခုစီ ဖြစ်စဉ်များ အသီးသီးရှိခဲ့ပြီး ဒဏ်ရာရရှိသူစုစုပေါင်း ၈၁၉ ဦးနှင့် ဘာသာရေးအဆောက်အအုံ ၆၁ ခု၊ စာသင်ကျောင်း ၂၈ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၆ ခုတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၅၁) ဦး ရှိခဲ့ပြီဖြစ်သည်ဟု AAPP က ဆိုသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၅၅၈ ဦးရှိပြီး ထိုအထဲမှ ၂၁,၀၂၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉,၄၇၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ