Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျာလီခရိုင်မြို့ဧရိယာထဲ စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦး အောက်တိုဘာလ ၁၆ ရက်ညက ကျားဆွဲခံရ၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်းရှိန်ဖေ ဖြစ်သည်။

ဆလိုင်းဟုန်းရှိန်ဖေ မိတ်ဆွေတစ်ဦးက ” မနေ့ညက ၈ နာရီကျော်လောက်မှာ တဲနဲ့ သိပ်မဝေးတဲ့ စမ်းချောင်းစပ်မှာ ထမင်းချက်ဖို့ ကြက်သား သွားခုတ်နေစဉ် ကျားဆွဲခံလိုက်ရတာပါ။ ဆလိုင်းဟုန်းရှိန်ဖေနဲ့ အတူနေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူက တဲထဲမှာ ကျန်ခဲ့တယ်။ ဆလိုင်းဟုန်းရှိန်ဖေက ကြက်သားသွားခုတ်နေတာ။ အသံမကြားလို့၊ ကြာလို့ဆိုပြီး တဲထဲမှာကျန်ခဲ့တဲ့ တစ်ယောက်က စမ်းချောင်းနား သွားရှာကြည့်မှ ကျားဆွဲခံရတယ်ဆိုတာ သိတာ” ဟု ပြောသည်။

ဘေးပတ်ဝန်းကျင်ရှိ အခြားစိုက်ပျိုးရေးခြံမှ အလုပ်သမားများဖြင့် အနီးအနားလိုက်ရှာကြည့်ရာ တဲနှင့် တစ်မိုင်ကျော်ဝေးသည့် နေရာတွင် ဆလိုင်းဟုန်းရှိန်ဖေ ရုပ်အလောင်းအား ကျားကိုက်၊ ကျားစားထားသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

” ၈ နာရီကျော်လောက်မှာ ကျားဆွဲခံရတာပေါ့။ နာရီဝက်တစ်နာရီလောက် ရှာကြည့်တော့ တဲနဲ့ တစ်မိုင်ကျော်ဝေးသည့် တောစပ်တစ်နေရာမှာ သေဆုံးလျက် တွေ့တယ်။ ဘယ်ဘက် ခြေထောက်က အစားခံထားရတယ်။ ညာဘက်ခြေထောက်နဲ့ ဦးခေါင်းတွေ၊ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေချည်းပဲ။ ဒီနေ့မနက်ကတော့ မလေးအာဏာပိုင်တွေက အလောင်း စစ်ဆေးချက်တွေ လာယူသွားတယ်။ အလောင်းက တဲထဲမှာ ရှိနေပါသေးတယ်။ ” ဟု နောက်ထပ် မိတ်ဆွေတစ်ဦးက ပြောသည်။

ဆလိုင်းဟုန်းရှိန်ဖေမှာ မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာတွင် သူ၏ ဇနီးသည်နှင့် သားသမီး နှစ်ဦးရှိကြောင်းသိရပြီး မိသားစုဝင်များဖြင့် လုံးဝ အဆက်အသွယ် မရသေးကြောင်းလည်း သိရသည်။

” အလောင်းက မသင်္ဂြိုလ်ရသေးဘူး။ တဲထဲမှာ သူဌေးနဲ့ တိုင်ပင်ပြီး ထားထားသေးတယ်။ မိသားစုနဲ့ ဆက်သွယ်နေတာ အဆက်အသွယ် မရသေးဘူး။ နောက်ထပ် ဘယ်လို စီစဉ်ရမလဲ သေချာ မသိရသေးဘူး။ မလေးမှာရှိတဲ့ မြန်မာအရပ်ဘက်အဖွဲ့တချို့ကိုတော့ အကူအညီတောင်းထားတာတော့ရှိတယ်။ ” ဟု ၎င်းက ဆိုသည်။

ဆလိုင်းဟုန်းရှိန်ဖေ အလုပ်လုပ်နေသည့် စိုက်ပျိုးရေးခြံသည် တောတောင်ထူထပ်ပြီး ကျားနှင့် ဆင်ရိုင်းများ ပေါများသည့် ဒေသဖြစ်ကြောင်း မလေးရောက် မြန်မာများက ပြောသည်။

ကျားများမှာ တောင်အောက်ခြေသို့ ဆင်းကာ ရန်ပြုမူပြီး ဒေသခံများမှာ မကြာခဏ အဆွဲခံ (အစားခံ) ရလေ့ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်ဘက်မှာလည်း ရခိုင်ပြည် ကျောက်တော်မြို့နယ် ပီချောင်းဒေသခံ ဦးအောင်မြင့် ဆိုသူ (မြိုလူမျိုး) ယခုလ အောက်တိုဘာလ ၁၂ရက်နေ့က ဆင်နင်းခံရ၍ ညာခြေထောက်နှင့် ဘယ်လက်မောင်းကျိုးသွားကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဦးအောင်မြင့်မှာ ရာဘာခြံ၌ အလုပ်လုပ်နေစဉ်အတွင်း တောရိုင်းဆင်ရောက်လာ၍ နင်းသွားခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ