Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - လူမှုကွန်ရက်ပေါ်မှ ရခိုင်ပြည်အတွင်း သတင်းအချက်အလက်များကို ရယူရန် ကြိုးစားနေသူတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။

မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုကို တစ်ဖြေးဖြေးတင်းကျပ်ကာ လက်ရှိတွင် VPN ပိတ်ဆို့ခြင်းအထိ ပြုလုပ်လာပြီး အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများကို အင်တာနက်၊ ဖုန်းလိုင်း လုံးဝ ဖြတ်တောက်ထားသည်။

၂၀၂၄ ခုနှစ် မတ်လမှစ၍ ဒစ်ဂျစ်တယ်အခွင့်အရေးများ ဖိနှိပ်မှုသို့ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်သည် သမိုင်းဝင်နိမ့်ပါးသွားခဲ့ကြောင်းနှင့် မြန်မာ့သတင်းအချက်အလက် ပတ်ဝန်းကျင်သည် ကမ္ဘာပေါ်တွင် အဆိုးဆုံးများထဲမှ တစ်ခုဖြစ်လာခဲ့သည်ဟု Freedom House က ဆိုသည်။

စစ်ကောင်စီသည် ဒေသအလိုက် အင်တာနက် သုံးစွဲခွင့်ပိတ်ပင်မှုများ၊ အင်တာနက် ဒေတာသုံးစွဲခများ ဈေးတက်ခြင်း၊ အွန်လိုင်းအသုံးပြုမှုအပေါ်မူတည်၍ ဖမ်းဆီးထောင်ချ မတရားတရားစွဲဆိုခြင်းများကို ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်ကျူးလွန်သော ရက်စက်ယုတ်မာမှုများနှင့် အကြမ်းဖက်မှုများကို ပေါက်ကြား မျှဝေခြင်းမရှိစေရန် အင်တာနက်အား ကန့်သတ်မှုများနှင့် စည်းကမ်းများ ပြဋ္ဌာန်းလုပ်ဆောင်ခဲ့သည်။

၂၀၂၄ ခုနှစ် မေလတွင် WhatsApp၊ X နှင့် Instagram အသုံးပြုခြင်းများကို ကန့်သတ်ခဲ့ပြီး နာမည်ကျော် VPN များဖြစ်သည့် Psiphon နှင့် NordVPN အပါအဝင် လူကြိုက်များသော VPN အများအပြားကိုလည်း ပိတ်ပင်ခဲ့သည်။

စစ်ကောင်စီကို ဆန့်ကျင်သောအရေးအသားများ လူမှုကွန်ရက်တွင် တင်ခဲ့ကြသည့် အင်တာနက်အသုံးပြုသူ အများအပြားမှာ စစ်တရားရုံး၏ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းနှင့် သေဒဏ်ပေးမှုများကို ခံခဲ့ရကြောင်း Freedom House က ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကောင်စီက VPN Application ပါဝင်သည့် မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သူများကို စစ်ဆေးဖမ်းဆီးခြင်းနှင့် ဒဏ်ရိုက်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများကို အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် ပိတ်ပင်ခဲ့ကြောင်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့်ရုံးများသို့ အတင်းအကျပ်ဝင်ရောက်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုခွင့်ကို ဖြတ်တောက်ထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်မှုများကြောင့် ပြည်သူအများအပြား ဒုက္ခရောက်နေကြရပြီး အထူးသဖြင့် တိုက်ပွဲများနှင့် ပဋိပက္ခများဖြစ်ပွားနေသော ဒေသများတွင် သတင်းအချက်အလက် သိပိုင်ခွင့် ဆုံးရှုံးနေရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ