Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်တွေမြို့ထဲတစ်နေရာ။ (ပုံဟောင်းဖြစ်သည်)

(စားဝတ်နေရေးကျပ်တည်းမှုကြောင့် သူခိုးများလာဟုဆို)

ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် အိမ်ဖောက်ထွင်းခိုးယူသူများကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက အသည်းအသန် လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။

စစ်တွေမြို့အနီး ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ စစ်တွေမြို့ခံအများစုမှာ မြို့ကိုစွန့်ခွာ စစ်ရှောင်ခဲ့ကြသည်။

မြို့လူဦးရေ၏ သုံးပုံနှစ်ပုံမှာ စစ်ရှောင်သွားကြပြီး နေအိမ်များအား သော့ခတ်ပိတ်ပင်ထားခဲ့ကြသည်။

လူမနေအိမ်များကို ဖောက်ထွင်းခိုးယူမှု မတ်လကတည်းက များပြားလာပြီး ယခု ပိုမိုဖောက်ထွင်းခိုးယူမှုများပြားလာ၍ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များမှာ အသည်းအသန် လိုက်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

မြို့ခံတစ်ဦးက ” ပြီးခဲ့တဲ့ လနဲ့ ဒီလအတွင်းမှာ အိမ်ဖောက်ထွင်း ခိုးယူသူ အရမ်းများပြားလာတယ်။ မင်းဂံ အကွက်တချို့၊ ဘောက်သီးစု၊ ပြည်တော်သာ၊ ရူပမြောက်၊ ရူပတောင်၊ မိဇံ၊ ရွာကြီးတောင်၊ ရွာကြီးမြောက် စတဲ့ ရပ်ကွက်တွေ ခိုးယူခံရမှု များနေတယ်။ ရဲတွေက သူခိုးတွေကို အသည်းအသန် လိုက်ဖမ်းနေတာ။ ဖမ်းမိတဲ့သူတွေ ရှိတယ်လို့ သိရတယ်။ ဘယ်နှစ်ယောက်လောက်ကို ဖမ်းမိပြီလဲဆိုတာတော့ မသိဘူး။ ” ဟု ပြောသည်။

အိမ်ဖောက်ထွင်းသူများမှာ ဆပ်ပြာခွက်ကအစ တန်ဖိုးရှိပစ္စည်းများအားလုံးကို ခိုးယူကြပြီး တစ်ကြိမ်နှင့် သယ်ယူ၍ မရလျှင် နောက်ထပ်တစ်ကြိမ် လာခိုးယူကြောင်း ပြည်တော်သာ ရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

” စစ်တွေမှာက လူမနေအိမ် အရမ်းများပါတယ်။ စားဝတ်နေရေး မဖုံလုံတဲ့ မိသားစုဝင်တွေက လူမနေအိမ်တွေကို ဖောက်ထွင်းတယ်။ ရောင်းလို့ရတဲ့ ပစ္စည်းတွေအကုန်လုံးကို ခိုးယူသွားတယ်။ ပလက်စတစ်ခွက်တွေကအစ ခိုးတာနော်။ ဆပ်ပြာခွက်တွေတောင် မကျန်ဘူး။ တခြားတန်ဖိုးရှိ ပစ္စည်းတွေဆို မပြောနဲ့တော့ အကုန်လုံးပါသွားတာပဲ။ တစ်ကြိမ်နဲ့ မရရင် နှစ်ကြိမ်လာယူတယ်။ ” ဟု ဆိုသည်။

အိမ်ဖောက်ထွင်းခိုးယူမှု များပြားလာခြင်းမှာ ကုန်ဈေးနှုန်း အဆမတန်ဈေးကြီးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း လုံးဝမရှိခြင်းအပါအဝင် မြို့ပြင်နှင့်ပင်လယ်သို့ ထွက်ပြီး သားငါးရှာစားခွင့် မရရှိခြင်းတို့ကြောင့် ဆင်းရဲချို့တဲ့သူများမှာ စားဝတ်နေရေးကျပ်တည်းလာ၍ဟု အမည်မဖော်လိုသည့် သက်ကြီးပိုင်းတစ်ဦးက သုံးသပ်သည်။

” စစ်တွေမှာ အခု ရှိနေတဲ့သူ အများစုထဲမှာ ဆင်းရဲချို့တဲ့ တဲ့ မိသားစုက ပိုများပါတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ နေရာတွေကို စစ်ရှောင်နေကြတယ်။ အဲဒီတော့ အခု လက်ရှိ ကုန်ဈေးနှုန်းနဲ့ အလုပ်ကလည်းမရှိ မိသားစု ထမင်းမငတ်ဖို့ ခိုးစားဖို့ပဲ ရှိတာပေါ့။ ဖမ်းမိတဲ့သူတွေကိုလည်း ရဲတွေက အာမခံနဲ့ ပြန်လွှတ်၊ အာမခံကြေးပေးဖို့ ပြန်ခိုး အဲဒီလိုနဲ့ လည်ပြီးတော့ ဖောက်ထွင်းခိုးယူမှုက ပိုများပြားလာတယ်လို့ ပြောရမယ်။ ” ဟု ပြောသည်။

စစ်တွေမြို့ရှိ Western News ၏ ဂိုဒေါင်အိမ်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လက ဖောက်ထွင်းခိုးယူခံရ၍ ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ ကင်မရာ ၄ လုံး၊ ကွန်ပျူတာ ၂ လုံးနှင့် ရုံးသုံးပရိဘောဂများ ခိုးယူခံခဲ့ရသည်။

စစ်တွေမြို့အတွင်း နေအိမ်ဖောက်ထွင်းခံရခြင်းနှင့် တန်ဖိုးရှိပစ္စည်းများ ခိုးယူခံရသည့် နေအိမ် ၃၀ ထက်မနည်း Western News ကို တိုင်ကြားထားကြပြီး ယင်းနေအိမ်များမှာ ရူပမြောက်၊ မင်းဂံအကွက်အချို့၊ ရွှေပြား၊ လမ်းမကြီးနှင့် မင်းဘာကြီးလမ်းက နေအိမ်အချို့၊ မကျဉ်းမြိုင်၊ ကျောင်းကြီးလမ်း စသည့် ရပ်ကွက်များက ပါဝင်ကြသည်။

ဆက်စပ်သတင်းများ