Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ပလက်ဝမြို့ စက်လှေဆိပ်ကမ်းအားတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

ပလက်ဝမြို့ ပြည်သူ့ဆေးရုံမှာ ခေတ္တတာဝန်ထမ်းဆောင်နေသော ဆေးရုံအုပ် ဒေါက်တာအေးကျော်ကို ULA/AA က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။

ဒေါက်တာအေးကျော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ULA/AA ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ၁၀ ရက်ခန့်အကြာမှာ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

” ၉ ရက်နေ့က ဒေါက်တာအေးကျော် ပြန်လည်လွတ်လာပါပြီ။ ခံဝန်နဲ့ ပြန်လာလွတ်လာတာလို့ သိရတယ်။ သူ့ကို ULA/AA က နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ထိန်းသိမ်းထားခဲ့တယ်လို့ သိရတယ်။ ပြန်လွတ်လာတော့ ဝမ်းသာတာပေါ့။ ဘာကြောင့်ဖမ်းတယ်၊ ဘာတွေမေးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ ” ဟု ပြောသည်။

ဒေါက်တာအေးကျော်နှင့် အဆက်အသွယ်ရရန် Western News က ကြိုးစားနေဆဲဖြစ်ပြီး ၎င်းမှာ ထိန်းသိမ်းခံထားရချိန်အတွင်း ULA/AA တပ်ဖွဲ့ဝင်အချို့၏ ခြိမ်းခြောက်ပြောဆိုခြင်းများကို ခံခဲ့ရကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ဒေါက်တာအေးကျော် အမှုကိစ္စနှင့်ပတ်သက်၍ ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဖြစ်ပြီး ဦးခိုင်သုခသည် Western News အား အင်တာဗျူး မဖြေသည်မှာ ၁၀ လကျော် ကြာမြင့်လာပြီဖြစ်သည်။

ပလက်ဝဒေသတွင် တော်လှန်ရေးအား အဖျက်အမှောက်ပြုလိုသူ သို့မဟုတ် သတင်းအမှားများ ဖြန့်ဝေနေသော ဒေသခံအချို့ကို AA က ဖမ်းဆီးစစ်ဆေးမှုရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းကလည်း ပလက်ဝမြို့နယ် ဆမီးမြို့ ဝက်မကျေးရွာက အသက် ၃၀ နှင့် ၄၀ ကြာရှိ မြိုလူမျိုးများဖြစ်ကြသည့် ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနော့ တို့ကို မသင်္ကာမှုဖြင့် ULA/AA က ဖမ်းဆီးသွားကြောင်း သိရသည်။

” သူတို့ကို ပလက်ဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (CDF) နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းသွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ ပလက်ဝတပ်ကို ပလက်ဝဒေသခံတွေ ထောက်ခံတာ၊ ထောက်ပံ့တာက အမှားမဟုတ်ဘူးလေနော်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတော့ဘူး။ ” ဟု ပြောသည်။

ပလက်ဝမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအေးကျော်မှာ ယခင်က ပြင်ပဆေးခန်းများတွင် အလုပ်လုပ်ခဲ့ပြီး ပလက်ဝမြို့ကို AA ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်း ခံရခြင်းဖြစ်သည်။

ပလက်ဝဒေသတွင် မသင်္ကာမှုဖြင့် အာရက္ခတပ်တော် AA ဖမ်းဆီးထိန်းသိမ်းထားသူမှာ ၃၀ ဦးထက်မနည်းရှိကြောင်း ကြားကာလ ခူမီး ချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ IKACC က စာရင်းပြုစုထားကြောင်း၊ ဖမ်းဆီးခံရသူများ၏ အမည်နှင့် နေရပ်လိပ်စာအား သိရှိနိုင်ရန် အဆိုပါအဖွဲ့အား Western News က ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ