Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည်ဦးမော့လာသော်လည်း အိမ်နီးနားချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောဆိုလိုက်သည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များပါသော ပြည်ထောင်စုအစည်းအဝေး၌ မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပေမယ့် ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးဘူး” ဟု ပြောသည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်နေသည်ဟု မင်းအောင်လှိုင်က ပြောသည်။

ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဖိအားပေးခံရပြီး ဒေသအလိုက် စံပြစိုက်ပျိုးခင်းများ ပြုလုပ်ရမည်ဟု ဆိုသည်။

ဒေသအလိုက် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများကို အသုံးချပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အကျိုးရှိစွာ ဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများ၏ စိုက်ပျိုးမွေးမြူရေး နည်စနစ်များကို လေ့လာအတုယူရမည်ဟုလည်း မင်းအောင်လှိုင်က ပြောသည်။

စိုက်ပျိုးမွေးမြူရေး အခြေခံသည့် ထုတ်ကုန်များနှင့် ပို့ကုန်များကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာပေါ်တွင် စားရေရိက္ခာ ထုတ်လုပ်သည့် နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ရေးကို ဆောင်ရွက်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ်က မြန်မာပြည်တွင်း ကုန်ထုတ်လုပ်မှုတန်ဖိုး GDP မှာ ၆.၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် အနှုတ် ၁၈ အထိပြခဲ့ကြောင်း Asian Development Bank ၏ ၂၀၂၁ ခုနှစ် အာရှဖွံ့ဖြိုးရေး အစီရင်ခံစာမှာ ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်၏ မြန်မာ့ GDP တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၆၃ ဘီလီယံရှိပြီး ကမ္ဘာ့စီးပွားရေးတစ်ခုလုံး၏ ၀ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သော်လည်း အမှန်တကယ် GDP မှာ ၂ ရာခိုင်နှုန်းခန့်သာ တိုးတက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး GDP ၂ ရာခိုင်နှုန်းနှင့် ၃ ဒသမ ၂ ရာခိုင်နှုန်းကြား တိုးတက်ရန် မျှော်မှန်းထားကြောင်း ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev က မော်စကို၌ ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ