Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရန်ကုန်မြို့က ရပ်ကွက်အချို့ ရေနစ်မြုပ်မှုမြင်ကွင်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။

(ရန်ကုန်မှာ မိုးအဆက်မပြတ် ရွာသွန်း၍ ရပ်ကွက်အများအပြား ရေနစ်မြုပ်)

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းကြောင့် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလက ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မိုးအဆက်အပြတ် ရွာသွန်းမည်ဟု အသိပေးထားသည်။

အောက်တိုဘာ ၂၃ တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်ကာ အောက်တိုဘာ ၂၄ ရက်တွင် ရခိုင်ပြည်၊ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ချင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလက ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်၍ သဘဝဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိထား စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။

မြေနိမ့်ဒေသများက ပြည်သူများအပါအဝင် ကုန်းမြင့်ဒေသက ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်၍ ကြိုတင်သတိပြု ရှောင်ရှားကြရန်လည်း အသိပေးထားသည်။

ရန်ကုန်တိုင်းဒေသတွင် အောက်တိုဘာလ ၂၀ ရက်နေ့ကစ၍ မိုးအဆက်မပြတ် ရွာသွန်းကာ ရပ်ကွက်အများအပြား ရေနစ်မြုပ်နေကြောင်း မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံတစ်ဦးက “အင်းလျားကန်လည်း ရေပြည့်တော့ ကမ္ဘာအေးဘုရားလမ်းဘက်က မြောင်းတွေက ရေကမဆင်းတော့ဘူး။ ကမ္ဘာအေးဘုရားလမ်း တစ်လျှောက် ရေတွေ အတော်ကို ကြီးနေတယ်။ ကားတွေ ရေနစ်နေတာ ၁၀ စီးလောက်ရှိမယ်။ သမိုင်းဘက်လမ်း ရေကြီးနေတယ်။ ဝေဇယန္တရာလမ်း၊ သစ္စာလမ်း အဲဒီဘက်တွေလည်း ရေတက်တယ်။ အင်းစိန်ပန်းခြံဘက်မှာလည်း ရေရှိတယ်။ ရွာမကျောင်းလမ်းကတော့ ချောင်းရှိတော့ ရေတက်တယ်။ တော်တော်များများ ရေကြီးနေတယ်။ လမ်းတွေပိတ် ကားတွေ သွားမရဘူး” ဟု ဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရန်ကုန်မြို့မှာ ဆက်လက် ရေနစ်မြုပ်နေပြီး ရန်ကုန်လမ်းမကြီးတစ်လျှောက် ရေကြီးနေခြင်းဖြစ်သည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာဓုကန် (လှော်ကားကန်) ၌ ရေတက်အမှတ်ထက် ၁ ပေ ထပ်တက်ပါက ရေလွှဲဖောက်ချမည်ဟု သိရသည်။

အမှတ် ၂၇ ရပ်ကွက်၊ စမ်းချောင်းလေးရွာ၊ စမ်းချောင်းကြီးရွာ၊ စမ်းကရင်ရွာနှင့် အခြားရပ်ကွက် များက အနိမ့်ပိုင်းများတွင် ယမန်နေ့ ညပိုင်းအထိ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရွှေပြည်သာ မြို့ခံများက ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ