Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မြောက်ဦးနှင့် မင်းပြားမြို့နယ်က ဆောင်းသီးနှံစိုက်ခင်းများအား တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ အခက်ကြုံတွေ့နေကြရကြောင်း ဆောင်းသီးနှံ စိုက်ပျိုးသူများက ပြောသည်။

လက်ရှိ မြေသြဇာစျေးမှာ 50 kg တစ်အိတ်ကို ကျပ် ၆ သိန်းခန့်ရှိနေသည့်အတွက် စိုက်ပျိုးထားသည့်အပင်များအား မြေသြဇာမှန်မှန် မကျွေးနိုင်ဘဲဖြစ်နေကြောင်း မင်းပြားမြို့နယ်က ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

“အပင်တွေက မြေသြဇာကျွေးချိန် ရောက်နေပြီ။ ဒါပေမယ့် မြေသြဇာစျေးတွေက ကြီးတော့ မဝယ်နိုင်ဘူး။ အိတ်လိုက်က ကျပ် ၆ သိန်းလောက်ရှိတယ်။ ပြည်နဲ့ချိန်ပြီး ရောင်းကြတာလည်းရှိတယ်။ ၁ ပြည်ကို ကျပ် ၁၅,၀၀၀ လောက်ရှိတယ်။ မြေသြဇာ မကျွေးနိုင်တော့ အထွက်နှုန်းကျဖို့ကလည်းများတယ်လေ” ဟု ပြောသည်။

ရခိုင်တွင် ဘင်္ဂလာနှင့် အိန္ဒိယဘက်တို့မှ တင်သွင်းသည့် စျေးနည်းသည့် မြေသြဇာများရှိသော်လည်း အဆိုပါ မြေသြဇာများမှာ အပင်များအတွက်အသုံးပြုပါက အပင်သေဆုံးမှုများရှိသည့်အတွက် အသုံးပြု၍မရကြောင်း တောင်သူများကဆိုသည်။

ယခု ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ မြေသြဇာစျေးကြီးမြင့်မှုအပြင် မျိုးစေ့များမှာလည်း စျေးအလွန်မြင့်မှု၊ စိုက်ပျိုးစရိတ်ကြီးမားမှုဖြင့် ရင်ဆိုင်ခဲ့ကြရသည်ဟု မြောက်ဦးမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။

“ဒီဘက်မှာက အပင်မျိုး တော်တော်များများစိုက်ကြတယ်။ ဒီနှစ် မျိုးစေ့စျေးတွေက တအားကြီးတယ်။ မျိုးစေ့ကလည်း ဝယ်စိုက်မှ အပင်ကဖြစ်တာဆိုတော့ မဝယ်လို့ကလည်း မဖြစ်ဘူး။ ဒီတော့ စိုက်ပျိုးစရိတ်ကိုက အရမ်းမြင့်သွားပြီ။ စရိတ်ကြီးတော့ အရင်တုန်းကလို ဧကအပြည့် မလုပ်နိုင်ကြတာတွေလည်း များကြတယ်” ဟု ဆိုသည်။

မျိုးစေ့များမှာ ပုံမှန်အားဖြင့် ကျပ် ၂၀,၀၀၀ ခန့်ရှိသည့် နို့ဆီဘူး ၃ လုံးဆန့် ပြောင်းမျိုးစေ့ တစ်ထုပ်ကို လက်ရှိ ကျပ် ၁ သိန်း ၂ သောင်းကျပ်၊ ယခင် ကျပ် ၃,၀၀၀ ခန့်ရှိခဲ့သည့် ပဲလုံးမျိုးစေ့တစ်ထုပ်ကို လက်ရှိ ကျပ် ၂၀,၀၀၀ စသဖြင့် စျေးမြင့်နေခြင်းဖြစ်သည်။

ရခိုင်မြောက်ပိုင်းတွင် ဆောင်းသီးနှံကို မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့တွင် အဓိက စိုက်ပျိုးကြပြီး အမျိုးစားအားဖြင့် ငရုတ်၊ ခရမ်း၊ ပြောင်း၊ ဖရုံ၊ ပဲလုံး၊ မြေပဲ၊ အာလူး၊ မုံညင်း၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ခဝဲသီး၊ သခွားသီး၊ ရုံးပတီသီးနှင့် အခြား ဟင်သီးဟင်းရွက်များ စိုက်ပျိုးကြသည်။

ရခိုင်တောင်ပိုင်းတွင် သံတွဲ၊ ကျောက်ဖြူ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တို့တွင် ဆောင်းသီးနှံကို အဓိကစိုက်ပျိုးကြပြီး မြို့နယ်အချင်းချင်းနှင့် ကျေးရွားများထံသို့ ကုန်ဖလှယ်မှုဖြင့် ရောင်းချစားသောက်ကြသည်။

ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့တွင် ခရမ်းသီးစိုက်ပျိုးမှု မရှိသလောက်ဖြစ်၍ သံတွဲခရမ်းသီးက နာမည်ရှိပြီး ဈေးကောင်းရရှိသည်ဟု စုံစမ်းသိရသည်။

လက်ရှိတွင် ရခိုင်ပြည်တောင်ပိုင်းဒေသက စစ်ရေးပြင်းထန်နေသည့်အတွက် ဒေသခံပြည်သူများမှာ ဆောင်းသီးနှံ မစိုက်ပျိုးနိုင်သည့်အပြင် ထွန်ယက်စိုက်ပျိုးထားသည့် မိုးစပါးများကိုလည်း ရိတ်သိမ်းရန် အခက်အခဲရှိနေကြခြင်းဖြစ်သည်။

ရခိုင်မှာ ၂၀၁၈ နှစ်ကုန်ပိုင်းကစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားကတည်းက ဆောင်းသီးနှံစိုက်ပျိုးဧကနှင့် မိုးစပါးစိုက်ပျိုးဧကမှာ ကျဆင်းလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းနှင့် လက်ရှိ တစ်ပြည်နယ်လုံး တိုက်ပွဲပြင်းထန်နေ၍ စိုက်ပျိုးဧက ပိုကျဆင်းမည်ဟု သိရသည်။

ဆက်စပ်သတင်းများ