Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နယ်စပ်ဂိတ်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံကို တင်ပို့နေသည့် လျှပ်စစ်ပစ္စည်းများ၊ စက်ယန္တရားများနှင့် အိမ်သုံးလူသုံးကုန်၊ ဆေးဝါးများကို တရုတ်ဘက်က ပိတ်ပင်လိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ကစ၍ မူဆယ်-ကြယ်ခေါင်ဘက်ရှိသည့် နယ်စပ်ဂိတ်ပေါက်များကို တရုတ်ဘက်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ကုန်သည်တစ်ဦးက “မနေ့ မနက်ပိုင်းကစပြီး ပစ္စည်းတွေ မြန်မာဘက်အခြမ်းကို တင်သွင်းခွင့်ပိတ်တာ။ လျှပ်စစ်ပစ္စည်းတွေ လုံး၀ သယ်လို့ မရဘူး။ ဆေးဝါး၊ ဆေးပစ္စည်းတွေ တင်လို့မရဘူး။ အစားအသောက်ဆိုရင်တောင် တစ်ကိုယ်ရည်စာပဲရတယ်။ ဆိုင်ကယ်တွေလည်း တင်လို့မရဘူး။ တားမြစ်ထားတာတွေ သယ်ရင် စာအုပ်သိမ်း၊ ပြည်ဝင်ခွင့် ၄ နှစ်ပိတ်မယ်ပြောတယ်။ စက်ပစ္စည်းဆိုရင် ဘာတစ်ခုမှ သယ်ခွင့်မပေးဘူး” ဟု ပြောသည်။

တရုတ်ဘက်က မြန်မာနိုင်ငံကို ပစ္စည်းတင်ပို့မှု ပိတ်ပင်သည့်ကာလ မည်သည့်အချိန်အထိ ဆိုသည်ကို အသေးစိတ်မသိရကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်ရသည်ကိုလည်း မသိရသလို တာဝန်ရှိသူများအား မေးလျှင်လည်း ပြန်လည်ဖြေကြားခြင်းမရှိကြောင်း မူဆယ်အခြေစိုက် ကုန်သည်များက ဆိုသည်။

နယ်စပ်ဂိတ်များကို ပိတ်ထားခြင်းမဟုတ်ဘဲ ပစ္စည်းများကိုသာ သယ်ယူခွင့် ပိတ်ပင်ထားကြောင်းနှင့် တရုတ်အာဏာပိုင်များက တင်းကျပ်စွာ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

“အရင်ဆိုရင် Online ကုန်ပစ္စည်းတွေ အထုပ်ပြပြီး သယ်လို့ရတယ်။ အခု ဘာမှ သယ်လို့မရတော့ဘူး။ Bluetooth ဖုန်းနားကြပ်တောင် သယ်ခွင့်မပေးဘူး။ အတော်ကြီး တင်းကျပ်တာ။ အွန်လိုင်း အရောင်းအဝယ်တွေပါ အကုန်ထိကုန်ပြီ” ဟု အွန်လိုင်းရောင်းချနေသူတစ်ဦးက ရှင်းပြသည်။

တားမြစ်ထားသည့် ပစ္စည်းများကို သယ်ယူလျှင် ပြည်ဝင်ခွင့်ဖြင့် အရေးယူကြောင်းနှင့် စာရွက်အထောက်အထား အပါသော ကုန်ပစ္စည်းများကို ဆိုင်ကယ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ် အတင်းဆွဲချကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များက မြို့သိမ်း၊ နယ်မြေသိမ်းတိုက်ပွဲများနှင့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံက တော်လှန်ရေးတပ်များ သိမ်းပိုက်နယ်မြေများနှင့် ထိစပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ပင်ခြင်းများ လုပ်ဆောင်လာခဲ့ရာမှ ယခုနောက်ဆုံး တရုတ်ဘက်မှ ကုန်ပစ္စည်းများ သယ်ယူခွင့်ကိုပါ လုံး၀ပိတ်ပင်လာခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များ သက်ဆိုးရှည်စေသော တရားမဝင်ကုန်သွယ်ရေးများကို ဖြိုခွင်းမည်ဟုဆိုကာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သွင်းကုန်လိုင်စင်နှင့် အထောက်အထားမရှိသော တရုတ်နှင့် ထိုင်းထုတ်ကုန်များအားလုံးကို ဖမ်းဆီးသိမ်းဆည်းလျက်ရှိကြောင်း သိရသည်။

(ရန်ကုန်ခေတ်သစ်မီဒီယာသည် Western News ၏ မိတ်ဖက်ဖြစ်သည်)

ဆက်စပ်သတင်းများ