(သတင်းလုပ်ငန်းက ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း IPCM ပြော)
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က Red News Agency သတင်းထောက်နှင့် အလွတ်တန်းသတင်းထောက်ကို ဖမ်းဆီးထားသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုလိုက်သည်။
စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တွင် သတင်းထောက်နှစ်ဦးကို ဖားကန့်မြို့နယ်ရှိ ၎င်းတို့နေအိမ်ကနေ KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး တာဝန်ခံမှုရှိရမည်ဟု အောက်တိုဘာ ၂၂ ရက်တွင် CPJ က ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးမှာ Red News Agency က သတင်းထောက် တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် နောင်ရိုးတို့ဖြစ်သည်။
CPJ ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က “မြန်မာပြည်တွင်းစစ်မှာ တိုက်ပွဲဝင်သူတိုင်းဟာ ဂျာနယ်လစ်တွေကို ပစ်မှတ်မထားဘဲ ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်က သတင်းယူတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလို မလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်။” ဟု ပြောသည်။
သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ သတင်းဌာနဖက်မှ KIA အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့အထိ KIA ဘက်မှ အကြောင်းပြန်ခြင်းမရှိခဲ့ကြောင်း CPJ ကို Red News Agency အယ်ဒီတာ ဦးဝင်းဇော်နိုင်က အီးမေးလ် ပေးပို့ခဲ့သည်။
သတင်းထောက်များကာကွယ်ရေးကော်မတီ CPJ က KIA ၏ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးထံသို့ မှတ်ချက်ပေးရန် ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း KIA ဖက်က တုန့်ပြန်ခြင်းမရှိကြောင်း သိရသည်။
သတင်းထောက်နှစ်ဦး ဖမ်းဆီးထားသည်ကို KIA ဘက်က အတည်ပြုထားကြောင်းနှင့် KIA အနေဖြင့် သတင်းထောက်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန် Red News Agency က တောင်းဆိုသည်။
Red News Agency အယ်ဒီတာ ဦးဝင်းဇော်နိုင်က ” KIA ဆိုတာလည်း အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တယ်။ ပြီးတော့ ဖက်ဒရယ်ကြိုးပမ်းနေစဉ်ကာလမှာပဲ ပြည်ထောင်စုကို သွားမယ်ဆိုရင် လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာသလို ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကိုလည်း လေးစားဖို့၊ သတင်းသမားတွေရဲ့ ကျင့်ဝတ်တွေကို နားလည်ဖို့ လိုအပ်တယ်ပေါ့နော်။ မီဒီယာရဲ့ အခန်းကဏ္ဍကိုလည်း အလေးအနက်ထားစေချင်တယ်။ ဒါကြောင့် ဒီဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျ။ တောင်းဆိုတဲ့ ကြေညာချက်လည်း ဒီကနေ့ ထုတ်မှာပါ။ ” ဟု ပြောသည်။
Red News Agency သတင်းမီဒီယာသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ၏ အဖွဲ့ဝင်ဖြစ်သည့်အတွက် IPCM ကတစ်ဆင့် KIA ကို ဆက်သွယ်နေကြောင်းနှင့် သတင်းထောက်များ အမြန်ဆုံးလွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း ဦးဝင်းဇော်နိုင်က ဆိုသည်။
IPCM အနေဖြင့်လည်း KIA တာဝန်ရှိသူများနှင့် နီးစပ်သူများကို ဆက်သွယ်ဆောင်ရွက်ခြင်းများ ပြုလုပ်နေသော်လည်း KIA ဖက်က တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ” တရားဝင်တော့ KIA ရဲ့ တာဝန်ရှိတဲ့သူတွေ တိုက်ရိုက်မေးမြန်းတာလည်း ရှိသလို၊ တခြား မဟာမိတ်ထဲက အရေးပါတဲ့လူတွေ၊ KIA ကချင်နဲ့ နီးစပ်တဲ့လူတွေကို ဘာတွေဖြစ်နေတာလဲ။ ဘယ်မှာလဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ မေးထားပါတယ်။ KIA ဘက်က အခုထက်ထိတော့ ဘာမှ အကြောင်းပြန်တာ မရှိသေးပါဘူး။ သတင်းသမားတွေက ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သတင်းသိပိုင်ခွင့်ကို လုပ်နေကြတာပါ။ ကျနော်တို့အနေနဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။
သတင်းသမားများကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် တော်လှန်ရေးတပ်ဖွဲ့၏ ပုံရိပ်ကို ကျဆင်းစေပြီး လွတ်လပ်စွာ သတင်းရယူခွင့်ကို စည်းဘောင်ထဲက ခွင့်ပြုသင့်ကြောင်းနှင့် သတင်းလုပ်ငန်းသည် ရာဇဝတ်ပြစ်မှု ကျူးလွန်နေခြင်းမဟုတ်ကြောင်း ဦးတိုးဇော်လတ်က ဆိုသည်။
သတင်းထောက် တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် နောင်ရိုး တို့သည် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရသည့် ပထမဆုံးသော မြန်မာ သတင်းထောက်များဖြစ်ကြသည်။
ရခိုင်ပြည်ထဲက Western News သတင်းထောက်များကိုလည်း အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးရန် ၂၀၂၃ နိုဝင်ဘာလ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီး ကတည်းက လိုက်လံရှာဖွေနေသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့က မြောက်ဦးမြို့ရှိ စစ်ကောင်စီရုံးဟောင်း (ခရိုင်ထွေ/အုပ်ရုံး) ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင် AA တပ်သားများ သေဆုံးခဲ့သည်ဆိုသည့် သတင်း Western News က ဖော်ပြခဲ့၍ AA သည် ရခိုင်ပြည်ထဲရှိ Western News သတင်းထောက်များကို ဖမ်းဆီးရန် ပိုက်စိတ်တိုက် လိုက်လံရှာဖွေခဲ့သည်။
ထိုဖြစ်စဉ်အား ပေးပို့ခဲ့သည့် Western News မြေပြင်သတင်းထောက်မှာ ချက်ချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိလည်း လွတ်လပ်စွာသတင်းရယူခွင့်မရရှိဘဲ သတင်းလုပ်ငန်းများကို ခိုးဝှက်စွာ လုပ်နေရသည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ယခု ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် ၃ ဦးကို သတ်ဖြတ်ထားပြီး Western News က သတင်းထောက် ကိုဖိုးသီ (ခ) မြတ်သူထွန်း၊ The Nation Voice သတင်းထောက် ကိုထက်မြတ်သူ၊ DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦးတို့ဖြစ်သည်။
CPJ ၏ စာရင်းအရ မြန်မာနိုင်ငံတွင် သတင်းထောက် ၄၃ ဦးထက်မနည်း အကျဉ်းကျနေရပြီး မြန်မာနိုင်ငံသည် သတင်းသမားများအား အကျဉ်းချရာမှာ ကမ္ဘာပေါ်တွင် ဒုတိယ အဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု CPJ က ထုတ်ပြန်ထားသည်။