တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည် ခရီးသည်တင်လှေတစ်စီး အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက နစ်မြုပ်သွားပြီး သေဆုံးသူ ၁၇ ဦးနှင့် အသက်ရှင်သူ ၇၀ ဦးကို ပြန်ရှာတွေ့ထားကြောင်း သိရသည်။
ခရီးသည်တင်လှေမှာ အရေအတွက် မည်မျှပါသည်ကို အတိအကျ မသိရသေး၍ ပျောက်ဆုံးနေသူအများအပြားရှိနေကြောင်းလည်း မြိတ်အခြေစိုက် ရှင်သန်ခြင်း ပရဟိတအသင်းမှ တာဝန်ရှိသူများက ပြောသည်။
ရှင်သန်ခြင်းပရဟိတအသင်း အဖွဲ့ဝင် ဦးဝင်းနောင်က “မနေ့က ၉ လောင်းတွေ့တယ်။ အရင်နေ့က ၈ လောင်းပေါ့။ အသက်ရှင်လျက် ကယ်ဆယ်နိုင်တာက ၇၀ လောက်ရှိတယ်။ ပျောက်နေတဲ့သူတွေလည်း အများကြီးပဲ။ နီးစပ်ရာကျွန်းတွေ၊ အလောင်းမျောနိုင်တဲ့ နေရာတွေတို့တော့ လိုက်ရှာလို့ ကုန်သွားပြီ။ အဲလို ရှာလို့လည်း အလောင်းတွေက ရခဲ့တာ” ဟု ဆိုသည်။
လှေထဲ လိုက်ပါလာသူများမှာ သီတင်းကျွတ်ကာလ နေရပ်ပုလောမြို့ကို လာရောက်ခြင်းဖြစ်ပြီး ထိုင်းဘက်သို့ ပြန်ထွက်သွားကြမည့်သူများဖြစ်ကြောင်း သိရသည်။
ယင်းအထဲတွင် ကျောင်းသားလူငယ်များလည်းပါဝင်ပြီး စတင်ထွက်ခွာပြီး ၁၅ မိနစ်အကြာတွင် လှေနစ်မြုပ်သွားခြင်းဖြစ်သည်။
ဦးဝင်းနောင်က ” ပျောက်ဆုံးနေတဲ့သူတွေ၊ ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေပါတယ် ” ဟု ပြောသည်။
ပျောက်ဆုံးရုပ်အလောင်းများကို လှေကြီးပေါ်လာမှပဲ ပြန်ရှာတွေ့မည့် သဘောရှိကြောင်းနှင့် နစ်မြုပ်လှေကိုလည်း အစအန ရှာမတွေ့သေးကြောင်း ရှင်သန်ခြင်းပရဟိတအသင်းက ဆိုသည်။