ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အဖြစ်သို့ ရောက်ရှိခဲ့ပြီဟု သိရသည်။
ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်း စစ်ကောင်စီ၏ မိုးလေဝသဌာနမှ ထုတ်ပြန်ချက်အရ ရခိုင်ပြည် ဂွမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့် အကွာနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့ အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဆိုသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁၁ ပေ မှ ၁၅ ပေခန့် ရှိနိုင်ကြောင်း သိရသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း စစ်ကောင်စီ မိုးလေဝသက ထုတ်ပြန်သည်။
ယနေ့ ညနေအထိ ခန့်မှန်းချက်အရ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကရင်ပြည်နယ်တွင် နေရာကျဲကျဲ မိုးရွာနိုင်သည်။
နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
မိုးတိမ်တောင် ဖြစ်ပေါ်မှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသဖြင့် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါ ဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားသင့်ကြောင်း စစ်ကောင်စီ မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်မှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု ဆိုသည်။
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။