အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်လည်းဖြစ် နေရွှေသွေးအောင် ဖခင် ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။
ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက မရမ်းကုန်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့တွင် စစ်ကေင်စီက ထုတ်ပြန်ခဲ့သည်။
Dr Nay Soe Maung Facebook စာမျက်နှာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး မြေးတစ်ဦးဖြစ်သော နေရွှေသွေးအောင်၏ ဖခင်လည်းဖြစ်သည်။ ၎င်း၏ ဖခင်မှာ ယခင် ဒုကာကွယ်ရေးဝန်ကြီး တင်စိန်ဖြစ်သည်။
ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။
NLD ပါတီဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုနှင့်ပတ်သက်၍ ဒေါက်တာနေစိုးမောင်က အောက်တိုဘာလ ၇ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းကြေကွဲ၍ ခံစားချက်များ ပြင်းထန်ရကြောင်း အောက်ပါအတိုင်း ရေးသားခဲ့သည်။
“ခံစားချက်တွေ ပြင်းထန်လွန်းလို့ မျက်ရည်ကျမိပါတယ်။ ကိုယ့်ပြည်သူတွေအတွက် ကိုယ့်တာဝန်ယူတဲ့ဒေသ တိုးတက်အောင် အားကြိုးမန်တက် ဆောင်ရွက်ပေးခဲ့ပေမဲ့ ဆရာ နေမကောင်းတဲ့ ကာလမှာ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ် ဆရာ…. မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာလဲလျောင်းလို့ အိပ်စက် အနားယူပါတော့ ဆရာ…. နောင်ဘဝမှာ လူဖြစ်ခဲ့လျင် လွတ်လပ် တရားမျှတပြီး လူကို လူလို ဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ… ဆရာ….။” ဟု ရေးသားခဲ့သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုအပေါ် အာဏာရှင်ဟောင်း ဦးသန်းရွှေက မင်းအောင်လှိုင်ကို နားမချလေသလားဟု လူမှုကွန်ရက်တွင် မေးမြန်းလာမှုများကို ဒေါက်တာနေစိုးမောင်က “ကျွဲပေါင်းစောင်းတီး” ဟု Reply ပြန်ပေးခဲ့ပြီး နောက်ပိုင်းတွင် ယင်း Reply Comment ကို ပြန်လည် ဖျက်သွားခဲ့ဖူးသည်။
ဒေါက်တာနေစိုးမောင်က စစ်အာဏာသိမ်းမှုကို မနှစ်သက်ကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်တွင် ရေးသားလေ့ရှိသည်။
“မြန်မာပြည်သူအပေါင်း လေယာဉ်သံ ဗုံးသံတွေ ကင်းစင်ပြီး ဘေးမသီ ရန်မခ အိပ်ပျော်တဲ့ ညတွေဖြစ်ပါစေ” ဟု စစ်တပ်၏ လေယာဉ်ဖြင့် ပြည်သူများအပေါ် ဗုံးကျဲနေမှုကို အောက်တို ဘာလ ၃ ရက်နေ့တွင် ဝေဖန်ရေးသားခဲ့သည်။
လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယင်းအပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း သိရသည်။