Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဧရာဝတီဘက်ထွက်ပေါက် ဂွမြို့အနီးက ဒေါင်းချောင်းစစ်ဆေးရေးဂိတ်ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)/ဓါတ်ပုံ - စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့

ရခိုင်ပြည် ဂွမြို့နှင့် ဧရာဝတီတိုင်းဒေသကြားရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များနှင့် အုပ်ချုပ်ရေးအဖွဲ့များမှာ လိုင်စင်မပါသော ဆိုင်ကယ်များကိုပါ ဖမ်းသည်အထိ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အထူးသဖြင့် ဧရာဝတီဘက်ကို တစ်ပိုင်တစ်နိုင် စားနပ်ရိက္ခာလာဝယ်သော ဂွမြို့နယ်ဒေသခံများကို အဓိက ဖမ်းဆီးနေသည်ဟု ကမ်းသာယာဒေသခံတစ်ဦးက ပြောသည်။

” အခု ဧရာဝတီဘက်မှာ ဆိုင်ကယ်တွေပါ စစ်ဆေးဖမ်းနေတယ်။ ကျနော်တို့ ဒေသမှာက နယ်မှာက ဆိုင်ကယ်မှာ လိုင်စင်မရှိတာ၊ ဆိုင်ကယ်မှာရှိရင်လည်း လူမှာ ယာဉ်မောင်းလိုင်စင်မရှိတာက များတယ်လေ။ လိုင်စင်မရှိရင် လူကိုလည်းဖမ်းတယ်။ ဆိုင်ကယ်ကိုလည်း ဖမ်းတယ်။ ဗေဒါ အထိကို ဆင်းပြီးဖမ်းနေတာ။ နောက်ဆိုရင် ဒေါင်းချောင်းစစ်ဆေးရေးဂိတ်အထိ ဆင်းပြီး ဖမ်းမယ်လို့ ပြောတယ်။ တော်တော်လေးကို အဖမ်းကြမ်းနေတာ။ အရင်က ဆိုင်ကယ် ၁၀ စီးသွားနိုင်ရင် အခု ၃ စီးလောက်ပဲ သွားနိုင်တော့တယ်။ ” ဟု ပြောသည်။

ဗေဒါစစ်ဆေးရေးဂိတ်နှင့် ခေါင်းချောင်းစစ်ဆေးရေးတို့သည် ရခိုင် ဂွမြို့နှင့် ဧရာဝတီ ငသိုင်းချောင်းလမ်းပေါ်တွင်ရှိသော စစ်ဆေးရေးဂိတ်များဖြစ်သည်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်ဖွဲ့ဝင်များမှာ ယခင်က ဧရာဝတီဘက် ငသိုင်းချောင်းမြို့နယ်မှာသာ ဖမ်းဆီးရာကနေ လက်ရှိ ရခိုင်ပြည်အတွင်းအထိ လာရောက်ဖမ်းဆီးနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခံခဲ့ရသူတစ်ဦးက ပြောသည်။

” တိုက်ပွဲရှိတယ်ဆိုပေမယ့် ဧရာဝတီဘက်ကိုတော့ ဆိုင်ကယ်လေးနဲ့ ဂိတ်တွေကို ပြောပြီးတော့ သွားလာလို့တော့ ရနေသေးတယ်။ ဒါပေမယ့် ဧရာဝတီဘက်က အုပ်ချုပ်ရေးအဖွဲ့တွေက လာလာဖမ်းနေတာရှိတယ်။ အရင်ဆိုင်ကယ်ကို လိုင်စင်တွေဘာတွေ စစ်တာမဟုတ်ဘူး။ အခု ဆိုင်ကယ်လိုင်စင်တွေပါ စစ်ဆေးဖမ်းတာ။ ဒဏ်ငွေ အရိုက်ခံရတာပေါ့ဗျာ။ ရခိုင်ဘက်ကနေ စစ်တာမဟုတ်ဘူးနော်။ ဧရာဝတီဘက်ကနေ လာပြီး စစ်ဆေးဖမ်းနေတာ။ ” ဟု ပြောသည်။

ဂွဒေသခံများမှာ ဧရာဝတီဒေသနှင့် ကုန်သွယ်ရေးပြုလုပ် လည်ပတ်ခဲ့သော်လည်း တိုက်ပွဲစဖြစ်ကတည်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်များသည် ဧရာဝတီအဝင်အထွက်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်သည်။

ယခင်က ကုန်ပစ္စည်းများ အကန့်အသတ်မရှိ သယ်ယူခွင့်ရရှိခဲ့သော်လည်း လက်ရှိတွင် အကန့်အသတ်ဖြင့် သယ်ယူနေရကြောင်း သိရသည်။

” ဧရာဝတီကနေ သယ်မယ်ဆိုလို့ရှိရင် ဆိုင်ကယ်လေးတွေနဲ့ သွားသွားပြီးသယ်တဲ့အခါမှာ တစ်ခေါက်သွားရင် ဆန်က ၃ ပြည်၊ ဆီ ၅၀ သားတစ်ဘူး။ လက်ဖက်ခြောက်ဆိုရင်လည်း တစ်ထုပ်၊ တခြား စားကုန်သောက်ကုန်ဆိုရင်လည်း အများကြီးယူလို့မရဘူး။ ခဏခဏ သွားလို့လည်း မရပြန်ဘူး။ တိုက်ပွဲတွေကလည်းရှိနေသေးတယ်။ ဘယ်လိုလုပ် စားဝတ်နေရေးက အဆင်ပြေမှာလဲ။ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဂွနှင့် သံတွဲကြား ဂွမြို့နှင့် ၁၅ မိုင်အကွာ ကြွေချိုင်၊ တိုင်ကျိုး၊ ကမ်းသာယာ စသဖြင့် တစ်ဝိုက်တွင် AA နှင့် စစ်ကောင်စီတို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေကြသည်။

ထိုတိုက်ပွဲများကြောင့် ဂွမြို့နယ် ကျေးလက်ဒေသက ဒေသခံပြည်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဂွမြို့ပေါ်က ပြည်သူများမှာ ပြီးခဲ့သည့် တစ်လကျော်ကစ၍ ဧရာဝတီနှင့် ရန်ကုန်ဘက်သို့ တိမ်းရှောင်သွားကြပြီဖြစ်သည်။

သို့သော်လည်း ဂွမြို့ပေါ်တွင် အိမ်စောင့်အဖြစ် ကျန်ရှိခဲ့သည့် ဒေသခံများလည်းရှိနေသေးပြီး ၎င်းတို့နှင့် ကျေးလက်က ပြည်သူများမှာ စားနပ်ရိက္ခာအတွက် ဧရာဝတီဘက်ကို ဆိုင်ကယ်ဖြင့်သွားပြီး ကုန်ပစ္စည်းများဝယ်ယူ အသုံးပြုနေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ