Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်ပြီး သတင်းအမှောင်ကျနေသည့် ရခိုင်ပြည်အတွင်း သတင်းအချက်အလက် မှန်မှန်ကန်ကန်စီးဆင်းစေရန် ရခိုင်သတင်းသမားအချို့က “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ရှိ သတင်းဂျာနယ်ကို အခမဲ့ ထုတ်ဝေဖြန့်ချိနေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသများနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့နယ်များက လွဲပြီး အာရက္ခတပ်တော် AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေကို ဦးစားပေးဖြန့်ဝေနေကြောင်း ဦးဆောင်သူထဲပါဝင်သူ ကိုတေဇာအောင်က ပြောသည်။

” ရခိုင်မှာက အခုလောလောဆယ်က အင်တာနက်က လုံးဝ မရသလောက်ဖြစ်သွားပြီလေ။ အင်တာနက် ရခဲ့မယ်ဆိုရင်တောင်မှ ဖုန်းအားသွင်းခက တစ်ခါသွင်းရင် အနည်းဆုံး ကျပ် ၁,၀၀၀၊ ၁,၅၀၀ အထိ ပေးနေရတယ်။ အင်တာနက်ဖို့အတွက် တော်တော်ဝေးတဲ့နေရာတွေကို သွားနေရတာရှိတယ်။ အဲဒီလို ပိုက်ဆံအကုန်မခံနိုင်တဲ့အခါကျတော့ လူတွေက သတင်းတွေ ငတ်လာတယ်။ လုံးဝ ဖုန်းလိုင်းလည်းမရ၊ အင်တာနက်လည်းမရတဲ့ ရွာတွေရှိတော့ သတင်းက ပြတ်တောက်သွားပြီလေ။ ဒါကြောင့် ကျနော်တို့က ဘာမရရှိတဲ့ရွာတွေကို သတင်းအနည်းငယ် သိရအောင်ဆိုပြီး ကြိုးစားပြီးဖြည့်ပေးလိုက်တာပါ။ ” ဟု ပြောသည်။

လက်ရှိတွင် သံတွဲမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်တို့ကို ယနေ့ နောက်ဆုံးထား ဖြန့်ဝေပေးနေပြီး မကြာမီရက်ပိုင်းအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသဖြင့် ရောက်ရှိလာမည်ဟု တာဝန်ရှိသူများက ဆိုသည်။

” စစ်ကောင်စီ ထိန်းချုပ်နယ်မြေက လုံခြုံရေးအရ မဖြန့်ဝေတာပါ။ အခု ဦးစားပေးက လွတ်မြောက်နယ်မြေပေါ့။ ဒီလို ဂျာနယ်ထုတ်ဝေခွင့်ရဖို့လည်း ULA/AA ဆီမှာ ခွင့်ပြုတောင်းခံပြီးမှ ခွင့်ပြုတယ်ဆိုမှ ထုတ်ဝေဖြန့်ချိလိုက်တာပါ။ ” ဟု ပြောသည်။

ရခိုင်သတင်းသမားအချို့ဦးဆောင် ထုတ်ဝေသော “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ရှိ သတင်းဂျာနယ်ကို ယခု ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်စ၍ သံတွဲမြို့နယ်တွင် ပထမဆုံး ဖြန့်ဝေခဲ့ပြီး လက်ရှိတွင် ရခိုင်မြောက်ပိုင်းက မြို့နယ်များကိုပါ တိုးချဲ့ ဖြန့်ဝေလာခြင်းဖြစ်သည်။

ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ နေရာတချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ၍ ပြည်သူများ သတင်းအချက်အလက် မသိရသည့်အချိန် ရခိုင်ပြည်အတွင်း သတင်းဂျာနယ် ထုတ်ဝေဖြန့်ချိခြင်းကို ဂုဏ်ယူအားပေးကြောင်း Western News အယ်ဒီတာတစ်ဦးက ပြောသည်။

” အခု ရခိုင်မှာ မြို့နယ်အများစုက ဖုန်းလိုင်း၊ အင်တာနက်လိုင်းက ပြတ်နေတော့ အင်တာနက်က သတင်းတွေ ဖတ်လို့မရဘူး။ အရင်က ရခိုင်မှာ သတင်းဂျာနယ်တွေ ရှိခဲ့ပေမယ့် အခုက မရှိတော့ အင်တာနက်မရရင် ပြည်သူတွေက သတင်းတွေ မဖတ်ရတော့ဘူး။ ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ ဘာတွေဖြစ်ပျက်နေပြီလဲဆိုတာ မသိရတော့ဘူးလေ။ အချိန်ကိုက်ပဲ သတင်းဂျာနယ် အခမဲ့ထုတ်ဝေ ဖြန့်ချိပေးတော့ အရမ်းဝမ်းသာ ဂုဏ်ယူပါတယ်။ ရခိုင်ပြည်သူတွေ နေ့စဉ် သတင်းတွေ သိနိုင်ဖို့၊ သတင်းတွေကတဆင့် သူတို့ဘဝအတွက် အကူအညီဖြစ်စေဖို့ ဆက်လုပ်ကိုင်ကြပါလို့ ဂုဏ်ယူစွာနဲ့ ပြောလိုပါတယ်။ ” ဟု ပြောသည်။

ပြည်သူများ သတင်းဖတ်ချင်နေချိန် သတင်းဂျာနယ် လက်ထဲရောက်လာသည့်အတွက် ဝမ်းသာအားရကြောင်းနှင့် သတင်းဂျာနယ်တွင် ပြည်သူ့အကျိုးသတင်းများ၊ ဆောင်းပါးများ ထည့်သွင်းစေလိုကြောင်း မြေပုံဒေသခံတစ်ဦးက အကြံပြုပြောဆိုထားသည်။

” သတင်းတွေ ဖတ်ချင်နေတာ အရမ်းပါပဲ။ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို အရမ်းသိချင်နေကြတာ။ ဗမာပြည်မှာရော ဘာတွေဖြစ်နေပြီလဲ သိချင်နေကြတာ။ အခု အင်တာနက်မရတဲ့အချိန်မှာ သတင်းဂျာနယ်ကို အခမဲ့ဖတ်ခွင့်ရတော့ ပိုပျော်တာပေါ့။ ပြည်သူတွေလည်း သတင်းတွေ အဆက်မပြတ်တော့ဘဲ သတင်းအမှားအမှန်တွေ သိနိုင်မယ်လေ။ ” ဟု ပြောသည်။

အာရက္ခဒတ်ချ်- ARAKKADESH သတင်းဂျာနယ်တွင် သတင်းအမှားအမှန် ခွဲခြားစိတ်ဖြာခြင်းနှင့် မိုင်းအသိပညာပေး အစီအစဉ်ကို အဓိက ရေးသားထားကြောင်းနှင့် စစ်ရေး၊ နိုင်ငံရေးကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း ကိုတေဇာအောင်က ဆိုသည်။

မြန်မာစစ်တပ် အာဏာမသိမ်းမီနှစ်အလိုက ရခိုင်ပြည်အတွင်း နိရဥ္စရာသတင်းဌာန၊ Development Media Group (DMG) တို့က သတင်းဂျာနယ်များ ထုတ်ဝေခဲ့ပြီး လက်ရှိတွင် ရပ်တန့်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ