Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ကုန်ဈေးနှုန်းကြောင့် စစ်ရှောင်အချို့ တောင်းရမ်းစားသောက်နေရ)

ရခိုင်ပြည်က မြို့နယ်တိုင်းတွင် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်နေပြီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့မှာ ထိန်းချုပ်နိုင်စွမ်း မရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အလုပ်အကိုင်ရှားပါးနေသည့်ကြားထဲ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းကြောင့် ဒေသခံပြည်သူလူထုများမှာ ငတ်ပြတ်မှုနှင့် အသက်ရှင်ရပ်တည်ရေး အလွန်ခက်ခဲလာကြသည်။

တကျော့ပြန်တိုက်ပွဲ စတင်ချိန် ရခိုင်ပြည်ကို ကုန်းလမ်း၊ ရေလမ်း စစ်ကောင်စီက ပိတ်ဆို့ခဲ့၍ ကုန်ဈေးနှုန်းမြင့်လာခြင်းမှာ တစ်နှစ်နီးပါး ကြာလာပြီဖြစ်ကြောင်းနှင့် ပြည်သူများအားလုံး များစွာကျပ်တည်းနေကြသည်ကို ကယ်ရီမောင်းသူတစ်ဦးက ပြောသည်။

“ကျနော်မှာ ကိုယ်ပိုင်ကားကို မောင်းနေတာ။ လင်မယား ၂ ယောက်တည်းပဲ ရှိတယ်။ ဒါတောင် ဒီကုန်စျေးနှုန်းကြောင့် ဘယ်လိုမှ လိုက်မမီနိုင်ဘူးဖြစ်နေတယ်။ စားသောက်နေထိုင်ရေး အကျပ်တည်းကြုံရတယ်။ မိသားစုအများအပြားနဲ့ဆို ပြောနေစရာတောင် မလိုတော့ဘူး။ ကုန်စျေးတက်နေတာက ၁ လ ၂ လမှ မဟုတ်တော့တာ။ လူတွေက တော်တော်ကို ဒုက္ခရောက်နေကြပြီ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ဒေသက စားသောက်ကုန်စည်စျေးနှုန်းများမှာ ငရုတ်သီးခြောက် ၁ ပိဿကို ၅၀,၀၀၀ ကျပ်၊ အိန္ဒိယ ငရုတ်သီးခြောက် ၁ ပိဿကို ၂၆,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် ၁ ဘူးကို ၄,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿကို ၄၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿကို ၄၀,၀၀၀ ကျပ် ဖြစ်သည်။

စားဆီ ၁ လီတာဆန့် ၁ ဘူးကို ၁၅,၀၀၀ ကျပ်၊ အိန္ဒိယ စားဆီ ၁ ဘူးကို ၁၀,၅၀၀ ကျပ် စသည်ဖြင့် အသီးသီးရှိနေပြီး စားသောက်ကုန်အပြင် တစ်ခြားလူသုံးကုန်ပစ္စည်းအားလုံးမှာလည်း မူလစျေးနှုန်းထက် ၃ ဆမှ ၁၀ ကျော်အထိ မြင့်တက်လျှက်ရှိနေဆဲဖြစ်သည်။

ရခိုင်နှင့် ပြည်မ ကုန်သွယ်ရေးဖြစ်သည့် အမ်းဒေသနှင့် ဂွဒေသများကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲနှင့် ရေကြောင်းလမ်းကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ထိုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း အသစ်အနေဖြင့် ပလက်ဝဒေသကတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်က ကုန်ပစ္စည်းများကို ရခိုင်ပြည်သို့ ပို့ဆောင်သော်လည်း အိန္ဒိယလူငယ်အချို့၏ ပိတ်ဆို့မှုကြောင့် ကုန်သွယ်ရေးမှာ ချော့ချော့မွေ့မွေ့ မဖြစ်သေးပေ။

အိန္ဒိယ-ရခိုင် ကုန်စည်များတင်သွင်းနေသူတစ်ဦးက “ရတဲ့နေရာက ဖြစ်သလို သယ်နေကြရတာပဲ။ ဒါကြောင့် ဒီရောက်တဲ့ ကုန်တွေက စျေးကြီးတာလေ။ အဓိက လမ်းစရိတ် ကွာသွားတာပဲ။ အရင်လို လမ်းကြောင်းက မဖြောင့်တော့ လမ်းတင်ပဲ ပစ္စည်းဆုံးရှုံးရတာတွေလည်း အများကြီးပဲ။ တစ်ခါတစ်ခါ အဖမ်းခံရတာတွေလည်း ရှိသေးတယ်။ ဒီလိုဆို ရင်းထားသမျှဆုံးပြီပဲ” ဟုပြောသည်။

ကုန်စည်စျေးနှုန်းအဆမတန်မြင့်တက်မှု၊ နှစ်ဖက်တိုက်ပွဲများကြား အလုပ်ကိုင်ဆုံးရှုံးရမှုများထဲတွင် နေထိုင်နေကြရသည့် ရခိုင်ဒေသနေပြည်သူများမှာ စားသောက်နေထိုင်ရေးအကျပ်အတည်းကို ပိုမိုကြုံတွေ့ခံစားနေကြရသည်။

ထိုကဲ့သို့ အကျပ်အတည်းကြားများတွင် ယခင်ကတည်းက လက်လုပ်လက်စားဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူများနှင့် လက်ရှိ စစ်ဘေးရှောင်အဖြစ် ခိုလှုံနေကြရသည့်သူအများစုမှာ တောင်းရမ်းစားသောက်လာကြရသည်အထိ ဖြစ်လာကြရာ ရခိုင်တွင် တောင်းရမ်းစားသောက်သူများ များပြားလျှက်ရှိလာကြောင်း သိရသည်။

ဆက်စပ်သတင်းများ