Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကမ်ပိန်းကြော်ငြာနှင့် မင်းပြားမြို့နယ်ဖုံသာချောင်းဒေသများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေကြစဉ်။ (ဓါတ်ပုံ -

ရေဘေးသင့်ပြည်သူများ၊ CDM ပြည်သူ့ဝန်ထမ်းများ၊ စစ်ဘေးရှောင်ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအား ကူညီထောက်ပံ့မည့်အစီအစဉ် ကမ်ပိန်း (Campaign) လှုပ်ရှားမှုကို ဧရာဝတီလူငယ်များသမဂ္ဂ AYU နှင့် ပြည်သူ့ဝန်ထမ်းများသမဂ္ဂတို့ ပူးပေါင်း ပြုလုပ်နေကြသည်။

ပြည်သူ့လိုအပ်ချက်နှင့် တော်လှန်ရေးလိုအပ်ချက်များအား ဖြည့်ဆည်းရန် ကမ်ပိန်းအမည်ကို “သဘာဝဘေးကိုအတူတူကျော်၊ ဖက်ဆစ်တပ်ကိုလည်း တူတူဆော်” ဆိုသည့် ဆောင်ပုဒ်ပေးထားကြောင်း သိရသည်။

AYU တာဝန်ရှိသူတစ်ဦးက “တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ဒဏ်ကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ဒေသတော်တော်များများမှာ အပြင်းအထန် ခံစားခဲ့ရပါတယ်။ ပြန်အစားထိုးမရနိုင်တဲ့ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတွေ ကြီးမားခဲ့သလို ကံကောင်းထောက်မစွာ အသက်ရှင်သန်ကျန်ရစ်ခဲ့သူတွေအတွက်လည်း စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်ချက်တွေ ကြီးမားနေပါတယ်၊ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာလည်း အကူအညီများစွာ လိုအပ်နေပါတယ်” ဟု ပြောသည်။

သဘာဝဘေးအန္တရာယ်တစ်ခု ကြုံလာတိုင်း ဒုက္ခအဝဝကို ခါးစည်းခံရသည်မှာ ပြည်သူများဖြစ်ကြောင်း၊ အုပ်စိုးသူစစ်အာဏာရှင်လူတန်စားများ၏ နှစ်ရှည်လများ ကျူးလွန်ခဲ့သော လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

ယင်းကတဆင့် သဘာဝဘေးအန္တရာယ် ကြီးမားစွာ ခံစားရခြင်းများကို စစ်ကောင်စီမှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ခုတုံးလုပ် အမြတ်ထုတ်ပြီး ဝါဒဖြန့်ချိရေးများ တွင်တွင်ကျယ်ကျယ် လုပ်နေကြောင်း သိရသည်။

နောက်ထပ် တာဝန်ရှိသူတစ်ဦးက “ဒီအခြေအနေမှာ ပြည်သူတွေကတော့ ရေဘေးဒဏ်က ပြန်လည်ရုန်းထဖို့အတွက် အကူအညီများစွာ လိုအပ်နေပါတယ်။ အထူးသဖြင့် ရေဘေးသင့် ပြည်သူများထဲမှာမှ ဖိနှိပ်သူစစ်အုပ်စုရဲ့ ပစ်မှတ်ထားခံရဆုံး လူတန်းစားတွေ ဖြစ်တဲ့ CDM ပြည်သူ့ဝန်ထမ်းတွေ၊ စစ်ဘေးရှောင်ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ၎င်းတို့အခြေခံဒေသတွေက ပြည်သူများကတော့ အကူအညီအလိုအပ်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ဒီကွက်လပ်ကို ဖြည့်ပေးဖို့အတွက် “သဘာဝဘေးကိုအတူတူကျော်၊ ဖက်ဆစ်တပ်ကိုလည်းတူတူဆော်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူတူ ဒီ Campaign လေးကို လုပ်ဆောင်လိုက်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ကံစမ်းမဲ လက်မှတ်တစောင်ကို ကျပ်တသောင်းခွဲနှုန်းဖြင့် မဲအရေအတွက် စုစုပေါင်း ၅၀၀ တိတိ ရောင်းချပေးသွားမည်ဟု သိရသည်။

ပန်းချီကား (၅) ကားကို မဲဖောက်ပေးသွားမှာ ဖြစ်ပြီး Campaign ကာလကိုမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ တစ်လတာ သတ်မှတ်ထားကြောင်း သိရသည်။

ထိုကြောင့် ရေဘေးသင့်ပြည်သူများကိုလည်းကူညီရင်း တော်လှန်ရေးကိုလည်း ပါဝင်အားဖြည့်ပေးနိုင်ရန်အတွက် “သဘာဝဘေးကိုအတူတူကျော်၊ ဖက်ဆစ်တပ်ကိုလည်းတူတူဆော်” Campaign တွင် တတပ်တအားပါဝင်ပေးကြရန် မိဘပြည်သူများအားလုံးကို ဧရာဝတီလူငယ်များသမဂ္ဂ (AYU) နှင့် ပြည်သူ့ဝန်ထမ်းများသမဂ္ဂ တို့က မေတ္တာရပ်ခံ တောင်းဆိုထားကြသည်။

ပြည်သူ့ညီညွတ်ရေးတပ်ဦး PUF အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သော ဧရာဝတီလူငယ်များသမဂ္ဂ (AYU)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ နှင့် Aesthetic Lyrics Arakanese(ALA) တို့ပူးပေါင်းပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့်အတူ ရခိုင်ပြည် မင်းပြားမြို့နယ် ဖုံသာချောင်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာများလှုဒါန်းခြင်းနှင့် ဆေးဝါးကုသမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ