UWSA ‘ဝ’ ထိန်းချုပ်ရာဒေသများတွင် အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ပစ္စည်းများကို ဈေးတင်ရောင်းပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု UWSA အာဏာပိုင်များက ပြောသည်။
UWSA အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့ပြီး လက်ရှိ ‘ဝ’ ဒေသမှာ ကုန်ဈေးနှုန်း အလွန်မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
ကုန်ပစ္စည်းများ အားလုံးကို စောင့်ကြည့်သွားမည်ဖြစ်ပြီး မရောင်းဘဲ တာရှည် သိုလှောင်သိမ်းဆည်းထားခြင်း၊ ဈေးလိမ်ရောင်းခြင်း၊ ဈေးမြှင့်တင်ရောင်းခြင်းများကို တရားမဝင် လုပ်ငန်းအဖြစ် သတ်မှတ်ကာ မည်သူ့ကိုမဆို အရေးယူသွားမည်ဟု ‘ဝ’ အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ယင်းကဲ့သို့ စည်းကမ်းတင်းကျပ်ခြင်းမှာ ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းက ဟိုပန်၊ ပန်လုံနှင့် နမ့်တစ်မြို့များ အပါအဝင် ‘ဝ’ ဒေသတစ်ခုလုံး အကျုံးဝင်ကြောင်း သိရသည်။
‘ဝ’ ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ် ဂိတ်ပေါက်များအားလုံးတွင် စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ စသဖြင့် သယ်ယူခွင့် တရုတ်ဘက်က အောက်တိုဘာလ ၂၀ ရက်နေ့ကစ၍ ကန့်သတ်ပိတ်ပင်ခဲ့သည်။
တရုတ်၏ နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်မှုများကြောင့် မြန်မာဘက် နယ်စပ်မြို့များအားလုံးတွင် ကုန်ပစ္စည်းပြတ်လပ်ရှားပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကာ မန္တလေး၊ ရန်ကုန်မြို့များကိုလည်း ထိခိုက်လာသည်ဟု သိရသည်။