Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နိုင်ငံတဝန်း အကြမ်းဖက်ရန် အဓိက အသုံးပြုနေသော မြန်မာစစ်တပ်၏ လေယာဉ်များအတွက် လောင်စာဆီနှင့် စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီအဖွဲ့အစည်းများကို ယူကေ UK အစိုးရက ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေယာဉ်များအတွက် ပံ့ပိုးပေးနေသော ကုမ္ပဏီ ၅ ခုကို ယူကေ အစိုးရက အရေးယူလိုက်ပြီဟု ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပိတ်ဆို့အရေးယူခံရသည့် ကုမ္မဏီများမှာ Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited နှင့် Progress Technology Support Company Limited (a.k.a Royal Shune Lei) တို့ ဖြစ်သည်။

အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က “ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ ယခုချမှတ်လိုက်တဲ့ ပိတ်ဆို့မှုများဟာ မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမှာဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရကြောင်း ယူကေ အစိုးရက ဆိုသည်။

အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က “နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ” ဟု ပြောသည်။

တာဝန်ခံမှု၊ တရားမျှတမှုရှိရန်နှင့် အကြမ်းဖက်မှုများ အဆုံးသတ်ရန် ယူကေသည် အီးယူနှင့် ကနေဒါနိုင်ငံနှင့်အတူ ပူးတွဲတောင်းဆိုထားသည်။

မြန်မာပြည်သူပြည်သားများနှင့် ၎င်းတို့ မျှော်မှန်းထားသည့် ငြိမ်းချမ်းသောဒီမိုကရေစီ အနာဂါတ်အတွက် ကူညီထောက်ပံ့မှုများနှင့်အတူ အခိုင်အမာ ရပ်တည်ဆဲဖြစ်ကြောင်းလည်း ယူကေအစိုးရက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ