Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ရခိုင်က ကြောက်မက်ဖွယ် ရာဇဝတ်မှုများကိုလည်း လက်ခံရရှိထားကြောင်းဆို)

မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလာပြီး ပိုမိုရက်စက်ကြမ်းကြုတ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjian က ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် IIMM အကြီးအကဲက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

IIMM အကြီးအကဲက “မနှစ်က ဒီကော်မတီမှာ ကျွန်တော် လာရောက်တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အကြိမ်ရေပိုတိုးလာပြီး၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ထပ်ပြီးတင်ပြရမှာပါ။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာပြီး အရပ်သားများ ရာနှင့်ချီသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအထောက်အထားတွေကို ယန္တရားက စုဆောင်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်း တစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ စစ်ကိုင်းမြို့က မင်္ဂလာဧည့်ခံပွဲတစ်ပွဲနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ပါဝင်ပါတယ်” ဟု ပြောသည်။

မြန်မာစစ်တပ်က ဆန့်ကျင်သူဟု ထင်မြင်သူမှန်သမျှကို မကြာခဏ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ များပြားလာကြောင်းနှင့် အသက်အရွက်ပေါင်းစုံ၊ Gender ပေါင်းစုံမှ လူပုဂ္ဂိုလ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ညှဉ်ပန်းနှိပ်စက်မှုများ စစ်တပ်က ကျူးလွန်ခဲ့ကြောင်း IIMM အကြီးအကဲက ပြောသည်။

မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်အဖွဲ့များစွာကပါ ကျူးလွန်သည့် အလွန်ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကိုလည်း ယန္တရားကစုဆောင်းနေကြောင်း သိရသည်။

ကျူးလွန်မှုတိုင်းအတွက် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကဖြစ်စေ၊ မည်သည့် ဘာသာဝင်ဖြစ်စေ သို့မဟုတ် မည်သည့်လူမျိုးစုဝင်ကဖြစ်စေ ကျူးလွန်ပါက တာဝန်အရှိဆုံးသူများကို မခွဲခြားဘဲ ဖော်ထုတ်ရန် ယန္တရားက လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အထူးပြုသည့် စုံစမ်းစစ်ဆေးမှုအသစ်များ စတင်ရန် IIMM က လုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့အကြားမှ တိုက်ပွဲများကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံနေရပြီး ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် ကြောက်မက်ဖွယ်ရာ ဇ၀တ်မှုများအကြောင်း သတင်းပေးပို့ချက်များကို IIMM က လက်ခံရရှိထားကြောင်းလည်း ပြောဆိုခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်မှ မွတ်ဆလင်များမှာ ထိခိုက်မှုဒဏ်ကို ပိုခံနေရပြီး မွတ်ဆလင်များ သောင်းနှင့်ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု IIMM အကြီးအကဲက ပြောသည်။

“ရခိုင်ပြည်နယ်နဲ့ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေက ကျူးလွန်သူတွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ်နေခြင်း၏ အကျိုးဆက်ဖြစ်တယ်။ ရာဇ၀တ်မှုကျူးလွန်သူတွေကို တရားစွဲအရေးယူမှု မလုပ်နိုင်လျှင် ရက်စက်ကြမ်းကြုတ်မှုသံသရာ မပြတ်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေမှာဖြစ်တယ်” ဟု သတိပေးထားသည်။

IIMM က နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနှင့် နိုင်ငံတကာတရားရုံးက တရားရေးအာဏာပိုင်ထံသို့ အချက်အလက်နှင့် စိစစ်သုံးသပ်ချက်မျှဝေမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။

ဖမ်းဆီးခြင်း သို့မဟုတ် တရားစွဲဆိုခြင်း လုပ်ဆောင်ရန် IIMM တွင် အခွင့်အာဏာမရှိသော်လည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်သော တရားရေးအာဏာပိုင်များကို ကူညီရန် IIMM က လုပ်ပိုင်ခွင့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံပြည်သူများက တရားမျှတမှု တစုံတရာရရှိရန် ဆန္ဒပြင်းပြနေကြပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနှင့် လူမျိုးပြုန်းစေမှုများအတွက် တာဝန်ရှိသူများကို တရားစွဲအရေးယူရန်လည်း ဆန္ဒပြင်းပြနေကြသည်။

အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်သူများကို ၎င်းတို့၏ ရာထူးအာဏာက မည်မျှပင် ကြီးမားနေပါစေ တရားမျှတမှု ဖော်ဆောင်နိုင်သည်ဆိုသော ခိုင်မာအားကောင်းသည့် သတင်းစကားကို ပေးနိုင်မည်ဖြစ်ကြောင်း IIMM အကြီးအကဲက ကုလအစည်းအဝေးတွင် တင်ပြပြောဆိုသွားခဲ့သည်။

ဆက်စပ်သတင်းများ