Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူများအပါအဝင် စားနပ်ရိက္ခာ ခက်ခဲနေသူများကို WFP က သွားရောက်ကူညီထောက်ပံ့ပေးနေသည်ကို ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ တွေ့ရခြင်းဖြစ်သည်။ (ဓါတ်ပုံ - WFP)

လက်ရှိ မြန်မာနိုင်ငံအတွင်း လူလေးဦးမှာ တစ်ဦးက စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး စုစုပေါင်း ၁၃.၃ သန်းရှိကြောင်း ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် EU နှင့် WFP ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားနပ်ရိက္ခာ ခက်ခဲနေသည့် ၁၃.၃ သန်းထဲက ၂ ဒသမ ၇ သန်းမှာ စားနပ်ရိက္ခာအခက်အခဲကို အရေးပေါ်ရင်ဆိုင်နေရသည်ဟု EU နှင့် WFP က ဆိုသည်။

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေက တကယ့်ကိုစိုးရိမ်စရာပါ။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နယ်မြေသစ်တွေဆီ ဆက်လက်ကူးစက်မှုနဲ့အတူ ထပ်တလဲလဲ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အရပ်သားပြည်သူတွေအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေကြရရှာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုလို ဆိုးရွားနေတဲ့အခြေအနေမှာ ထိခိုက်အလွယ်ဆုံးသော အရပ်သားပြည်သူတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားဆဲပါ။” ဟု ပြောသည်။

အခြေခံစားသောက်ကုန်များ၏ ကုန်ဈေးနှုန်းသည်လည်း မနှစ်ကနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း EU နှင့် WFP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ လူဦးရေ ၃ ဒသမ ၄ သန်းခန့်အထိရှိလာပြီး ၎င်းမှာ လွန်ခဲ့သည့် ၃ နှစ်ခန့်ကရှိခဲ့သည့် လူဦးရေ ၃ သိန်း ထက် အဆများစွာတိုးများလာခဲ့ခြင်း ဖြစ်သည်။

“အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံ ကြုံတွေ့နေရသူတွေများလာတာမို့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။

လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုဒဏ်နှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာသော စားနပ်ရိက္ခာအခက်အခဲများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် ဥရောပသမဂ္ဂ EU သည် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ထံ ထပ်ဆောင်းရံပုံငွေ ယူရို ၁ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) ကို ပေးအပ်ထောက်ပံ့ခဲ့သည်။

Mr. Mattei က “သန်းပေါင်းများစွာသော ပြည်သူလူထုရဲ့ အခက်ဒုက္ခတွေကို ဖြေလျှော့ပေးနိုင်ဖို့ရာ ဥရောပသမဂ္ဂက ရက်ရက်ရောရာ ပေးအပ်တဲ့လှူဒါန်းမှုလို နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ကျွန်တော်တို့ အားကိုးအားထားပြုရပါတယ်။” ဟု ဆက်လက်ပြောသည်။

ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန ECHO မှတစ်ဆင့် ပေးအပ်ခဲ့သည့် အဆိုပါရံပုံငွေဖြင့် ရေကြီးရေလျှံမှုဒဏ်ကို ထိခိုက်ခံစားခဲ့ရသူများအား အရေးပေါ်အသက်ကယ်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဟု WFP က ဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံ ရေကြီးရေလျှံမှုအတွင်း လူဦးရေ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ကြရပြီး စိုက်ပျိုးမြေ ဧက ၁ သန်းလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

ဤထပ်ဆောင်းရံပုံငွေအပါအဝင် ယခုနှစ်အတွက် ဥရောပသမဂ္ဂ၏ စုစုပေါင်းထောက်ပံ့မှုပမာဏသည် ယူရို ၇ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၈ သန်း) အထိ ရှိခဲ့ပြီဖြစ်သည်။

အဆိုပါရန်ပုံငွေသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေပေါင်း ၂ သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် အာဟာရများ ပေးအပ်ကူညီသွားမည့် WFP ၏ အထောက်အပံ့လုပ်ငန်းများအား ပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

preload imagepreload image