Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - HIV ရောဂါခံစားနေရသော လူနာတစ်ဦး ဆေးသောက်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ ဆေးကုန်တော့မှာဖြစ်၍ များစွာစိတ်မကောင်းဖြစ်နေကြသည်။ (ဓါတ်ပုံ - Western News)

(ဆေးပြတ်လပ်၍ ရခိုင်မှာ HIV လူနာ သေဆုံးသူ နှစ်ဦးအထိရှိလာ)

ရခိုင်ပြည် မြောက်ဦးမြို့နယ်မှာ ART ဆေးပြတ်၍ HIV လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့က အသက် ၄၀ အရွယ်အမျိုးသမီးဖြစ်ပြီး ၁၀ လအကြာ ဆေးပြတ်လပ်နေခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်နေ့တွင် သေဆုံးသွားရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သူဆေးပြတ်နေတာ ၁၂ လပိုင်း ကတည်းကပါ။ မိသားစုက ချို့တဲ့တယ်။ ပိုးသတ်ဆေးတွေလည်း အစားထိုးဝယ်မသောက်နိုင်ဘူး။ ဆေးပြတ်နေတဲ့ ကာလမှာလည်း အမြဲတမ်း မကျန်းမာနဲ့ဘဲ နေသွားရတယ်။ ဆေးသောက်နေရတုန်းကဆို အလုပ်တွေလည်း ထွက်လုပ်နိုင်ခဲ့တယ်။ အခုတော့ သေသွားရပြီ” ဟု ပြောသည်။

ရခိုင်တွင် HIV လူနာများ ART ဆေးပြတ်လပ်နေသည်မှာ ၁ နှစ်နီးပါးအကြာ ရှိလာနေပြီဖြစ်ကြောင်း ထိုကြားထဲတွင် တချို့က ရန်ကုန်သို့သွားရောက် ဆေးထုတ်ယူမှုများရှိကြသော်လည်း အများစုမှာမူ ဆေးပြတ်လပ်ပြီး ကျန်းမာရေးဆိုးရွားလျှက် ရှိနေကြခြင်းဖြစ်သည်။

ART ဆေးကို ယခင်က မြို့နယ်အလိုက် သက်ဆိုင်ရာကျန်းမာရေးဌာနများမှ လစဉ်အလိုက် အခမဲ့ထုတ်ပေးမှုများရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းတွင် ဌာနဆိုင်ရာများလည်ပတ်မှုရပ်တန့်ခဲ့ခြင်းနှင့် လမ်းကြောင်းများပိတ်ဆို့နေခြင်းတို့ကြောင့် ရခိုင်က HIV လူနာများမှာ ART ဆေးပြတ်လပ်ခဲ့ကြရသည်။

ART ဆေးပြတ်လပ်မှုကြောင့် ရခိုင်တွင် လတ်တလော သေဆုံးသွားသူ မြောက်ဦးမှ အမျိုးသမီးအပြင် မာန်အောင်မြို့နယ်တွင်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက HIV လူနာတစ်ဦး ART ဆေးပြတ်၍ သေဆုံးမှုရှိခဲ့သေးသည်။

ART ဆေးပြတ်လပ်နေသည့် HIV လူနာအများစုမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် တစ်ခြားတိုက်ပွဲဧရိယာထဲမှ ဒေသခံများဖြစ်ကြောင်း သိရသည်။

ART ဆေးရရေးအတွက် စစ်တွေမြို့သို့သွားရန် ကြိုးစားသော်လည်း လမ်းခရီးအကျပ်အတည်းများကြောင့် စစ်တွေသို့ မရောက်နိုင်ဘဲရှိနေသည်ဟု HIV လူနာများက ဆိုသည်။

” ကျမတို့ကို ဆေးထုတ်ပေးနေကျ ဆရာမလေးက စစ်တွေမှာ ဆေးရှိနေသေးတယ်ပြောတာကြောင့် ဟိုတလောကပဲ စစ်တွေကိုသွားဖို့ စီစဥ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သွားလို့မရခဲ့ဘူး။ ကျမတို့ သက်တမ်းစေ့ နေနိုင်ရေးအတွက် ဒီဆေးက အရမ်းအရေးကြီးနေပါတယ်။ ဆေးမရတော့ နာမကျန်းဖြစ်တာတွေလည်း များလာတယ်” ဟု ပြောသည်။

ART ဆေးကို စစ်ကောင်စီ၏ ကျန်းမာရေးဌာနများမှ HIV လူနာများအား ၃ လ တစ်ကြိမ်အခမဲ့ထုတ်ပေးမှုရှိခဲ့ပြီး လက်ရှိ ဖော်ပြပါဒေသများတွင် တာဝန်ယူထုတ်ပေးမည့်သူ မရှိသည့်အတွက် HIV လူနာများ များစွာအခက်တွေ့နေကြရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ