ရခိုင်ပြည်အတွင်း ၁ နှစ်အောက် ကလေးငယ်များမှာ ယခုအချိန်အထိ မည်သည့်ကာကွယ်ဆေးမှ ထိုးနှံခြင်းမရှိသေး၍ အရေးတကြီး ကာကွယ်ဆေးထိုးရန် လိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းက ပြောသည်။
အသက် ၁ နှစ်ပြည့်ကြမည့် ကလေးငယ်များမှာ မွေးစကနေ ၁ နှစ်နီးပါးကြာလာအချိန်အထိ ကာကွယ်ဆေးများ မထိုးရ၍ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးရေးပိုင်းတွင် ဆိုးကျိုးသက်ရောက်မည်ကို မိဘများက စိုးရိမ်နေကြသည်။
မြေပုံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမကလေးက မွေးကတည်းက ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး။ အခုဆို ကလေးက ၆ လထဲဝင်ပြီ။ ထိုးမယ့် ကာကွယ်ဆေးတွေလည်း မရှိဘူးလို့ကြားတယ်။ ကလေးတိုင်း ထိုးပေးကျဖြစ်တဲ့ ကာကွယ်ဆေးတွေ မထိုးရတော့ ကျမကလေးအတွက် စိတ်ပူနေမိတယ်” ဟု ပြောသည်။
ဝက်သက်၊ မဲခိုင်၊ တုပ်ကွေး၊ ဆင်ခြေထောက်နှင့် ဂျပန်ဦးနှောက် စသဖြင့် ကာကွယ်ဆေးများကို ကလေးငယ်များအား တစ်လခြား၊ သုံးလခြား၊ ခြောက်လခြား အချိန်ပိုင်းခြားကာ ထိုးနှံပေးရသော်လည်း လက်ရှိအချိန်အထိ ရခိုင်က ကလေးငယ်များမှာ ကာကွယ်ဆေး မထိုးရသေးပေ။
ထိုကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခြင်းမရှိလျှင် ကလေးငယ်များမှာ ကျန်မာရေးချို့ယွင်းမှုအချို့ရှိလာနိုင်ကြောင်း ကျောက်ဖြူမြို့နယ်မှာ တာဝန်ကျနေသော သူနာပြုတစ်ဦးက ပြောသည်။
“ကျောက်ဖြူမှာလည်း ကလေးတွေ ကာကွယ်မထိုးကြရတာ ကြာပါပြီ။ ဌာနဆိုင်ရာတွေက မလည်ပတ်နိုင်ကြတော့ဘူးပေါ့။ ဒီကာကွယ်ဆေးတွေက ကလေးတွေအတွက် ထိုးဖို့တကယ်လိုအပ်တယ်။ မထိုးရင် သူတို့မှာ ဝက်သက်အထွက်များတာ။ ပြီးတော့ ကျောက်ပေါက်တာနဲ့ တစ်ခြားရောဂါ ထူပြောတာတွေ ဖြစ်လာတတ်တယ်” ဟု ပြောသည်။
၁ နှစ်အောက် ကလေးငယ်များအပါအဝင် ၅ နှစ်အောက် ကလေးငယ်များ၊ ၁၀ နှစ်အောက် ကလေးငယ်များတွင်လည်း ကာကွယ်ဆေးများ စုံစုံလင်လင် ထိုးနှံနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
ရခိုင်က ကလေးငယ်များအားလုံးကို အသက်အရွယ်အလိုက် ကာကွယ်ဆေးများထိုးနှံနိုင်ရန် အသက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက တာဝန်ယူဆောင်ရွက်ပေးရန်နှင့် ပြတ်လပ်နေသော ဆေးဝါးများကိုလည်း စီမံပေးကြရန် ဒေသခံပြည်သူများက တောင်းဆိုနေကြသည်။