Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကချင်ပြည်က မြေရှားသတ္တုတူးဖော်ရေး မိုင်းတွင်းတစ်ခု။ (ဓါတ်ပုံ - Global Witness)

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်နားထား၍ ကမ္ဘာ့ဈေးကွက်တွင် မြေရှားသတ္တုဈေး မြင့်တက်လာနိုင်ကြောင်း တရုတ်က ပြောသည်။

မြေရှားသတ္တုထွက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများနေ့စဉ် ပြင်းထန်နေကြသည်။

ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုလိုအပ်ချက်၏ ငါးဆယ်ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံက ရရှိခြင်းဖြစ်ပြီး လက်ရှိအခြေနေအရ မြေရှားရောင်းလိုအား လျော့ကျနေပြီး ဈေးနှုန်းများ အဆက်မပြတ် တက်သွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက နိုဝင်ဘာ ၃ ရက်မှာ တရုတ်သတင်းဌာန Global Times ကို ပြောဆိုထားကြသည်။

ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလတွင် တရုတ်နိုင်ငံက မြေရှားသတ္ထုရောင်းဝယ်သူများမှာ ဈေးနှုန်းများကိုတိုးမြှင့်ခဲ့သလို ယခု နိုဝင်ဘာလမှာလည်း ဈေး ထပ်ပြီးတိုးမြှင့်ခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုရောင်းဝယ်ရေး အခြေအနေကိုကြည့်လျှင် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သော Inner Mongolia BaoTou Steel ကုမ္ပဏီ၏ အချက်အလက်အရ မြေရှားဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေပြီး နိုဝင်ဘာ ၁ ရက် နှင့် ၂ ရက်အတွင်းမှာလည်း ၉ ရာခိုင်နှုန်းကျော် အထိ ဈေးမြင့်တက်ခဲ့သည်။

ယင်းအပြင် ဇန်နဝါရီကနေ စက်တင်ဘာလ အထိ ကိုးလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကနေ မြေရှားသတ္ထု တန်ချိန် ၃၁,၀၀၀ တင်သွင်းခဲ့ပြီး အဆိုပမာဏမှာ တရုတ်နိုင်ငံ၏ ယင်းကာလအတွင်း စုစုပေါင်း တင်သွင်းမှု၏ ၇၄ ဒသမ ၉ ရာခိုင်နှုန်း ရှိကြောင်း တရုတ်အကောက်ခွန်ဌာနက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အောက်တိုဘာ ၁၈ ရက်မှာ မြေရှားသတ္တုထုတ်လုပ်ရေးအများဆုံးရှိသည့် ပန်ဝါမြို့ကို သိမ်းယူပြီးနောက်ပိုင်း တရုတ်က ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်လိုက်ကာ သတ္တုတူးဖော်ရေးလုပ်ကွက်များမှာလည်း မလည်ပတ်နိုင်ကြတော့ပေ။

မြေရှားသတ္တုတူး‌ဖော်မှုအများဆုံးရှိသော ပန်ဝါ အပါအဝင် ချီဖွေ၊ ဆော့လော်၊ ဖီမော်ဒေသများကိုပါ KIA က အောက်တိုဘာကစပြီး ဆက်တိုက် သိမ်းယူခဲ့သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အဓိကအားဖြင့် အလယ်အလတ်နှင့် လေးလံသည့် မြေရှားသတ္ထု အိုင်းယွန်း သတ္တုရိုင်းများကို ထုတ်လုပ်နေပြီး ကမ္ဘာ့ထုတ်လုပ်မှု၏ ၁၁ ရာခိုင်နှုန်းကို ထုတ်လုပ်နေခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော မြေရှားသတ္တုမှာ အမေရိကန်ဒေါ်လာ သန်း တစ်ထောင့်လေးရာကျော်ဖိုးရှိခဲ့ကြောင်း သိရသည်။

တစ်ဖက်မှာလည်း အခု ၂၀၂၄ ခုနှစ်မှာ မြေရှားသတ္တုလုပ်ကွက်တချို့ မြေပြိုကျ၍ အလုပ်သမား ခုနစ်ဆယ်ဝန်းကျင် သေဆုံးမှုရှိခဲ့သည်။

(ConnectBurma သည် Western News ၏ မိတ်ဖက်မီဒီယာအဖွဲ့အစည်းဖြစ်သည်)

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ